အန်ဖီးလ်တွင်ကစားမည့် လီဗာပူးလ်နှင့်ပွဲအတွက် အသင်း၏ဘတ်စ်ကားကို မန်စီးတီး အဆင့်မြှင့်ထား

 

မန်စီးတီးအသင်းသည် အောက်တိုဘာ (၇)ရက်တွင် လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်း၌ ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အသင်းဘတ်စ်ကားကို အဆင့်မြှင့်ထားကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဧပြီလက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကစားရန် အန်ဖီးလ်ကွင်းသို့ လာရောက်စဉ် လီဗာပူးလ်ပရိသတ်များက မန်စီးတီးအသင်း၏ဘတ်စ်ကားကို ပုလင်းများ၊ အုတ်ခဲများ၊ မီးကျည်များဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 

ယင်းဖြစ်ရပ်ကြောင့် မန်စီးတီးအသင်း၏ ဘတ်စ်ကားမှာ ပျက်စီးခဲ့ရပြီး ယင်းပျက်စီးမှုများကို ပြန်လည်ပြုပြင်ရာတွင် ပေါင် (၁၀၀၀၀)ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။ သို့သော် ယင်းဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူများကို ရှင်းရှင်းလင်းလင်းမတွေ့ရသည့်အတွက် မာဆေးဆိုက်ရဲများအနေဖြင့် လီဗာပူးလ်အသင်းပရိသတ်တစ်ဦးမှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် မန်စီးတီးအသင်းသည် လာမည့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၁ဝးဝ၀)နာရီတွင် အန်ဖီးလ်ကွင်း၌ ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အသင်းဘတ်စ်ကားကို ငွေကြေးအကုန်ခံကာ အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် ၎င်းတို့အသင်း၏ ဘတ်စ်ကားကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် အထူးကြည်လင်ပြတ်သားသည့် ကင်မရာ(UHD) ၁၅ လုံးကို ဘတ်စ်ကားပတ်လည်တွင် တပ်ဆင်မှုများပါ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မန်စီးတီးအသင်းသည် အန်ဖီးလ်ကွင်းသို့ သွားရောက်ရာတွင် လီဗာပူးလ်ပရိသတ်များရှိသည့်နေရာများကို ရှောင်ကွင်းသွားမည်ဖြစ်ပြီး မည်သည့်လမ်းက သွားမည်ကို ကြေညာခြင်းမရှိကြောင်း သိရသည်။ လီဗာပူးလ်နှင့် မန်စီးတီးပွဲတွင် မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်အောင် လုံခြုံရေးများ တင်းကြပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။