သြစတြေးလျ ဒုတိယဝန်ကြီးချုပ် နိုင်ငံသားနှစ်မျိုး ခံယူထားသည့် ပြဿနာနှင့် ရင်ဆိုင်နေရ


၂၀၁၆ ခုနှစ် ဇူလိုင် ၅ ရက်က ဆစ်ဒနီတွင် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်တန်ဘူး ပြောကြားနေစဉ် နားထောင်နေသော ဒုတိယဝန်ကြီးချုပ် ဂျွိုက်စ် (ယာ) (Photo: AFP)

သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဘန်းနာဘီဂျွိုက်စ်သည် နိုင်ငံသားနှစ်မျိုး ခံယူထားဖွယ်ရှိဟု ဖော်ထုတ်မှုများ ထွက်ပေါ်လာခဲ့ရာ ၎င်း၏နိုင်ငံရေး အနာဂတ်သည် သြဂုတ် ၁၄ ရက်တွင် သံသယဝင်စရာဖြစ်လာခဲ့ပြီး ကွန်ဆာဗေးတစ်အစိုးရ၏ ပါလီမန်၌ကျဉ်းမြောင်းသော အမတ်နေရာ အများစုရရှိထားမှုကို အန္တရာယ်ဖြစ်စေခဲ့သည်။ ပါလီမန်တွင် ထမ်းဆောင်မည့်သူသည် နိုင်ငံသားနှစ်မျိုး ခံယူထားခွင့်မရှိဟု သြစတြေးလျတွင် ပြဋ္ဌာန်းထားရာ ဂျွိုက်စ်သည် နယူးဇီလန်နိုင်ငံသားအဖြစ်လည်း ခံယူထားနိုင်ခြေရှိကြောင်း ဖော်ထုတ်မှုကြောင့် အစိုးရအတွက် အဓိကဂယက်ရိုက်ခတ်မှုဖြစ်သည်။

ယင်းမထင်ပေါ်သော စည်းမျဉ်းသည် မကြာသေးမီကာလအထိ လူသိနည်းသော်လည်း ဥပဒေပြုအမတ် အများအပြားသည် မကြာသေးမီလများအတွင်း ယင်းစည်းမျဉ်း၏ သက်ရောက်မှုကိုခံစားခဲ့ရပြီး ပါလီမန်အမတ်များသည် ၎င်းတို့၏ မျိုးရိုးသမိုင်းကို ရှင်းလင်းရန် ကြိုးပမ်းလုပ်ဆောင်နေရသည်။

ဂျွိုက်စ်က သူသည် သြစတြေးလျရှိ တမ်ဝေါ့တ်တွင် မွေးဖွားခဲ့သည့် သြစတြေးလျ နိုင်ငံသားဖြစ်ကြောင်း၊ သူသည် နောက်ထပ်နိုင်ငံသားတစ်မျိုး ခံယူထားဖွယ်ရှိသည်ဆိုခြင်းကို သူရောသူမိဘများပါ ယုံကြည်ရန် အကြောင်းအရင်းမရှိကြောင်း ပါလီမန်တွင် ရှင်းလင်းခဲ့သည်။

ပါတီငယ်ဖြစ်သော ဂရင်းပါတီ၏ ဒုတိယခေါင်းဆောင် စကော့လုဒ်လမ်သည် သြစတြေးလျ-နယူးဇီလန် ပူးတွဲနိုင်ငံသားအဖြစ် ခံယူထားကြောင်း ဖော်ထုတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သောဇူလိုင်တွင် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ယင်းနှစ်နိုင်ငံသားခံယူထားမှု ပြဿနာစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြဿနာသည် မကြာမီတွင် ကနေဒါဖွားဂရင်းပါတီမှ အထက်လွှတ်တော်အမတ် လာရစ်ဇာဝါးတာနှင့် သယံဇာတရင်းမြစ်ဝန်ကြီး မတ်ကာနာဗန်တို့အပါအဝင် အခြားလူအချို့ကို သက်ရောက်ခဲ့သည်။ ကာနာဗန်သည် အသက် ၂၀ ဝန်းကျင်အရွယ်တွင် အီတလီနိုင်ငံသားဖြစ်ခံယူရန် ၎င်း၏မိခင်ဖြစ်သူက လက်မှတ်ထိုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ရသည်။

ဂျွိုက်စ်က သူသည်မျိုးရိုးဆင်းသက်မှုအရ နယူးဇီလန် နိုင်ငံသားဖြစ်နေဖွယ်ရှိကြောင်း သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သော်လည်း အစိုးရအဖွဲ့ သို့မဟုတ် ပါလီမန်မှ နုတ်ထွက်မည်မဟုတ်ကြောင်း၊ ၎င်း၏ရွေးချယ်ခံရမှုအား အထက်တရားရုံးသို့ တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nationals ပါတီခေါင်းဆောင်ဖြစ်သော ဂျွိုက်စ်သည် သြစတြေးလျတွင် မွေးဖွားခဲ့ပြီး ၎င်း၏ဖခင်သည် အိမ်နီးချင်း နယူးဇီလန်တွင် မွေးဖွားခဲ့ကာ ၁၉၄၇ ခုနှစ်တွင် သြစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျွိုက်စ်က ပြောကြားခဲ့သည်။

အောက်လွှတ်တော်တွင် ကျဉ်းမြောင်းသောရလဒ်အဖြစ် အမတ်နေရာအများစုကို တစ်နေရာတည်းအသာရ၍ အမတ်နေရာ ၇၆ နေရာရရှိထားသည့် ဝန်ကြီးချုပ် မယ်ကွန်းတန်ဘူး၏ လစ်ဘရယ်-နေရှင်နယ် ညွှန့်ပေါင်းအစိုးရသည် ယခုဖော်ထုတ်မှုကြောင့် အကျပ်အတည်း ကြုံတွေ့နိုင်ခြေရှိသည်။ လူဦးရေ ၂၄ သန်းရှိသော သြစတြေးလျတွင် ထက်ဝက်နီးပါးသည် ပြည်ပတွင်မွေးဖွားသူ သို့မဟုတ် မိဘတစ်ဦးဦးသည် ပြည်ပတွင် မွေးဖွားသူဖြစ်ကြောင်း ပြီးခဲ့သော နှစ်သန်းခေါင်းစာရင်းအရ သိရသည်။

Ref: AFP