မောင်းသူမဲ့ ကားဝန်ဆောင်မှုများအတွက် Toyota က SoftBank နှင့် ပူးပေါင်း

ဂျပန်ကားလုပ်ငန်းကြီး Toyota နှင့် နည်းပညာလုပ်ငန်းကြီး SoftBank တို့သည် မောင်းသူမဲ့ကား ဝန်ဆောင်မှုများ ဆောင်ရွက်ရန်အတွက် ပူးတွဲလုပ်ငန်းတစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့ကြသည်။ Mobility Network ၏ အတိုကောက်ကို ယူထားသည့် Monet ဟု ခေါ်ဆိုမည့် ကုမ္ပဏီသစ်ကို SoftBank က ၅၀.၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ဝေစုကို Toyota က ပိုင်ဆိုင်မည် ဖြစ်သည်။

Monet ကို ၂၀၁၉ ခုနှစ် ဧပြီတွင် တည်ဆောက်မည်ဖြစ်ပြီး ကနဦးအရင်းအနှီးသည် ဒေါ်လာ ၁၇. ၅ သန်း (ယန်း နှစ်ဘီလျံ) ရှိမည်ဖြစ်ပြီး နောင်တွင် ယန်း ၁၀ ဘီလျံအထိ မြင့်တက်မည်ဟု ကုမ္ပဏီသစ်၏ အမှုဆောင်ချုပ် ဂျူနီချီမီယာကာဝါက ပြောကြားခဲ့သည်။ လာမည့်ဆယ်စုနှစ်၏ ဒုတိယထက်ဝက်ကာလတွင် ကုမ္ပဏီသစ်သည် Toyota ၏ လျှပ်စစ်ကားများကို အသုံးပြုပြီး မောင်းသူမဲ့ ကားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အစားအသောက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ကျန်းမာရေးစစ်ဆေးမှုများအတွက် မောင်းသူမဲ့ကားဝန်ဆောင်မှုကဲ့သို့သော အချိန်မီ ဆောင်ရွက်ပေးရမည့် မိုဘိုင်းဝန်ဆောင်မှုများအတွက် ကုမ္ပဏီသစ်က အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီနှစ်ခု၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

Toyota ကို ကားကုမ္ပဏီတစ်ခုအဖြစ်မှ ရွှေ့လျားနိုင်စွမ်းမြင့်မားသည့် ကုမ္ပဏီတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုအဖြစ် စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသွင်ဆောင်လာခဲ့သော SoftBank ၏ အမှုဆောင်ချုပ် မာဆာယိုရှီဆန်းသည် ကုမ္ပဏီအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံထားသည်။

SoftBank သည် မကြာသေးခင် နှစ်များအတွင်းက ပြင်သစ်စက်ရုပ်ကုမ္ပဏီ Aldebaran နှင့် တရုတ်အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီး Alibaba ကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

“SoftBank တစ်ဦးတည်း၊ Toyota တစ်ဦးတည်းနဲ့ အရာရာကို မလုပ်နိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ပူးပေါင်းရမယ်” ဟု မီယာကာဝါက ပြောကြားခဲ့သည်။

အမေရိကန်၊ တရုတ်၊ ဥရောပရှိ ပြိုင်ဘက်များသည် ခရီးရှေ့ရောက်နေသော်လည်း ၎င်းတို့သည် အလျှော့ပေးမည်မဟုတ်ဘဲ လိုက်မီနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဂျပန်ကားကုမ္ပဏီ Honda သည် အမေရိကန်ကားကုမ္ပဏီ General Mortor ၏ မောင်းသူမဲ့ကား လုပ်ငန်းခွဲ GM Cruise တွင် ဒေါ်လာ ၂.၈ ဘီလျံ မြှုပ်နှံမည်ဟု အောက်တိုဘာ ၃ ရက်က ကြေညာခဲ့သည်။