ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာ၌ ဇွန်လက ဆောက်လုပ်ပြီးစီးခဲ့သော အလကခွဲ ရွှမ်းကူစာသင်ကျောင်း မျက်နှာကြက်ပြိုကျသဖြင့် ဆက်လက်ပြိုကျမည်ကို စိုးရိမ်နေ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် က ယန်းကြေးကွင်းဝတ်တိုင်းရင်းသားများ နေထိုင်ရာ ပန်ပက်ကျေးရွာရှိ ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့သော အလကခွဲ ရွှမ်းကူစာသင် ကျောင်းမျက်နှာကြက်ပြိုကျသဖြင့် ဆက် လက်ပြိုကျမည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။

သိန်းမျက်လုံးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော လေးလသက်တမ်း သာရှိသေးသည့် ကျောင်းဆောင်သစ်မှာ ဆောက်လုပ်မှု မပြီးစီးမီမှာပင် သစ်အမျိုးအစား မမှန်ကန်ခြင်းများကို ပြည်နယ်ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးအဖွဲ့များသွားရောက် စစ်ဆေးစဉ်တွေ့ရှိခဲ့ကြသဖြင့် ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုခံထားရသော ကုမ္ပဏီလည်းဖြစ်ပြီး အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် ထိုကဲ့သို့ ပြိုကျရခြင်းဖြစ်ကြောင်း သိရသည် ။

“ကလေးတွေတော့ မထိဘူးဘဲ။ ကျောင်းဆင်းတဲ့အချိန်မှာ ပြိုလို့လေ။ ပြိုရတဲ့အကြောင်းအရင်းက နံပါတ်တစ်က မျက်နှာကြက်ကို ဘေးက အသားအုတ်နားမှာ သံနဲ့ပဲ ရိုက်ထား တာလေနော်။ အမှန်မှာ Wallplug နဲ့ဆွဲရမှာ Wallplug နဲ့ ဆွဲမှ နတ်တိုင်နဲ့ ဖမ်းရမှာပေါ့ နော်။ သူကအခုသံနဲ့ဒီတိုင်ရိုက်တော့ အားမဖြစ်ဘူးလေ။ နံပါတ်နှစ်ကျတော့ ရေတံလျှောက်က ရေကောင်းကောင်း မဆင်းနိုင်တာလည်း ပါတယ်။  ရေဝပ်ကျတာပေါ့။ ရေ ဝပ်တော့ရေတံလျှောက်မှာ ရေဝပ်တဲ့ဝိတ်ကြောင့်လည်း ပါတယ်။ အကုန်လုံးနတ်နဲ့ မဆွဲဘူး သံနဲ့ပဲရိုက်တော့သူ့ဝိတ်နဲ့မခံနိုင်ဘူး”  ဟု ပန်ပက်ဟိတဓရ ပရဟိတဆရာတော်ပဏ္ဍိစနန္ဒာက မိန့်ကြားသည် ။

ပန်ပက်အလကခွဲ ကျောင်းမှာ ဌာနေ တိုင်းရင်းသား ကြေးကွင်းဝတ် ကယန်းတိုင်းရင်းသားများ အများဆုံးတက်ရောက်နေသည့် ကျောင်းဖြစ်ပြီး ယခင်က အမက ကျောင်းသာ ရှိခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းတက် ရောက်လိုပါက  ဒီးမော့ဆိုမြို့သို့ ဘော်ဒါများ တွင်နေထိုင်ကြကာ သွားရောက်ပညာသင်ကြားကြရကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များသည် ၂၀၁၇ ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်း ဆောက်လုပ်နေကြသော လမ်းတံတား အဆောက်အအုံများအား သွားရောက်စစ် ဆေးရာတွင် အရည်အသွေးပိုင်းဆိုင်ရာအား နည်းခြင်းများတွေ့နေကြရသေးကြောင်း သိရသည်။