နိုင်ငံရေးပါတီ ၂၇ ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်တွင် PNLO ဟု မှားယွင်းဖော်ပြခြင်းကို ပြင်ဆင်ပေးရန် မေတ္တာရပ်ခံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေး ပါတီ ၂၇ ပါတီ၏ ပူးတွဲသဘောထား ထုတ် ပြန်ကြေညာချက်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ အမည်မှားယွင်းဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ပေးရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အောက်တိုဘာ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ မေတ္တာရပ်ခံခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန် ကြေညာခဲ့ပြီး ထိုကြေညာချက်ကို တာဝန်ခံ လက်မှတ်ရေးထိုး ထုတ်ပြန်ကြသူများ၏ အမည်စာရင်း နံပါတ် (၂၅) တွင် ‘ဦးခွန်ထွန်းရွှေ ၊တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) ပါတီ’ဟု ပါရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတစ်ရပ် မဟုတ်ကြောင်း၊ PNLO သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမှူးပြုသော ပြည်ထောင်စုအစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပ အသိသက်သေများနှင့် အတူ နိုင်ငံတကာမိသားစုအပါအဝင် ပြည် သူလူထုရှေ့မှောက်တွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးမှုများနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစဉ်တစိုက်အကောင်အထည်ဖော် ဆောင်ရွက်နေသော ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ကြောင်း PNLO က ကြေညာသည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်ထောင်စုညီညွတ်ရေးကို ရယူ၍ အားလုံ အောင်ပွဲခံနိုင်ရေးကို PNLO က အစဉ်တစိုက် ကြိုးပမ်းနေပြီး နိုင်ငံရေး ပါတီ ၂၇ ပါတီ၏ ပူးတွဲသဘောထားထုတ် ပြန်ကြေညာချက်မှာ PNLO နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ရှင်းလင်းထုတ်ပြန်ကြေညာခဲ့သည်။