အိပ်ချ်အိုင်ဗွီ လူနာများအား လက်ရှိအသုံးပြုနေသော ဆေးဝါးများထက် ပိုမိုကောင်းမွန်ပြီး အားသာချက်များရှိသည့် DTG ဆေးဝါးအသစ်ဖြင့် ပြောင်းလဲကုသမှုများ ရှိလာ

အိပ်ချ်အိုင်ဗွီလူနာများအား လက်ရှိအသုံးပြုနေသော ဆေးဝါးများထက် ပိုမိုကောင်းမွန်ပြီး အားသာချက်များရှိသည့် DTG ဆေးဝါးအသစ်ဖြင့် ပြောင်းလဲကုသမှုများ ရှိလာကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (ဟော်လန်) မှ သိရသည်။

လက်ရှိ သုတေသနရလဒ်များအရ DTG ဆေးဝါးအသစ်၏ အားသာချက်များမှာ ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးခြင်း၊ စျေးနှုန်းသက်သာခြင်း၊ ရောဂါပိုးပွားများမှုကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခြင်း၊ ဆေးယဉ်ပါးမှု ပြဿနာဖြစ်နိုင်ခြေ နည်းပါးခြင်း စသည်တို့ဖြစ်ကြောင်းနှင့် သို့သော်လည်း သုတေသနဆိုင်ရာ အချက်အလက်များ မပြည့်စုံသေးသဖြင့် ၎င်းဆေးအား လောလောဆယ် အသုံးမပြုသေးသော အချို့သော အခြေအနေများရှိကြောင်း (ဥပမာ ကိုယ်ဝန်ဆောင် အစောပိုင်းကာလများ (ပထမခြောက်လ)၊ အသက်၁၈ နှစ်အောက် ကလေးများ၊ ကိုယ်အလေးချိန် ၄၀ ကီလို အောက်နည်းသောသူများ စသည်) သိရသည်။

ထို့ပြင်လက်ရှိနယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Holland) က ကုသပေးနေသော အိပ်ချ်အိုင်ဗွီလူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တဖြည်းဖြည်း လွှဲပြောင်းပေးနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်အကုန်တွင် ရှမ်းနှင့် ကချင်ပြည်နယ်ရှိ စီမံကိန်းများအား ပံ့ပိုးပေးနိုင်ရန် ရန်ကုန်ရှိ အိပ်ချ်အိုင်ဗွီကုသပေးသော လုပ်ငန်းများအား ရပ်ဆိုင်းရန် စီစဉ်ထားကြောင်း သိရသည်။

“လူနာလွှဲတယ်ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ဆီမှာ လူနာတွေက ကုလာတာနှစ်ပိုင်းများစွာ ကြာသွားပြီ။ အခြေအနေကောင်းပြီး ပုံမှန်အတိုင်း ဆေးဆက်ပေးလို့ရတဲ့လူနာတွေကို ကျန်းမာရေးဝန်ကြီးဌာနကို တဖြည်းဖြည်းချင်း လွှဲတာပါ။ လွှဲပေးတယ်ဆိုတဲ့နေရာမှာ ကျန်းမာရေးဌာနနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီး သွားရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီနှစ်မှာ လူနာဘယ်နှယောက်လွှဲမယ်။ ဘယ်နေရာတွေကို လွှဲမယ်။ ဘယ်လိုပုံစံနဲ့လွှဲမယ်။ ဘာတွေလုပ်ပေးရမလဲ ဆိုတာတွေကို ညှိနှိုင်းပြီးမှ လွှဲပြောင်းတာမျိုးဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ အဲဒီလို သွားဖို့ရှိပါတယ်။ ၂၀၂၀ မှာ ရန်ကုန်က အိပ်ချ်အိုင်ဗွီကုသရေး စီမံကိန်းကိုပိတ်ဖို့ ရည်ရွယ်ထားတာပါ။ ရန်ကုန်စီမံကိန်းမှာရှိတဲ့ လူနာတွေအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်။ ရှမ်းနဲ့ကချင်က စီမံကိန်းတွေကိုတော့ ဆက်လက်လုပ်သွားမှာပါ” ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ (ဟော်လန်) မှ Deputy Medical Coordinator (Technical) ဒေါက်တာဘုန်းသစ်က ပြောကြားသည်။

နယ်စည်းမထားဆရာဝန်အဖွဲ့ (ဟော်လန်) သည် လက်ရှိကုသပေးနေသော အိပ်ချ်အိုင်ဗွီလူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၁၇ ခုနှစ်မှ စတင်လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်း၊ ကချင်၊ ရန်ကုန်ရှိ စီမံကိန်းသုံးခုမှ လူနာစုစုပေါင်း ၃၃၀၀၀ ခန့်အတွင်းမှ လူနာ ၂၂၀၀၀ ခန့်ကို လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် MSF ၌ လူနာ ၁၀၀၀၀ ခန့်သာ ကျန်ရှိမည်ဖြစ်ရာ ၎င်းလူနာများရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း စီမံကိန်းနှင့် ကချင်ပြည်နယ်စီမံကိန်းတို့သာ ဆက်လက် လည်ပတ်သွားရန် ရှိသည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF-Holland) သည် မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍ လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးဌာန ဆေးပေးခန်းများနှင့် နယ်လှည့်ဆေးပေးခန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းနှင့် ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျန်းမာရေးစီမံကိန်းများ လုပ်ဆောင်လျက်ရှိပြီး ယင်းစီမံကိန်းများတွင် အိပ်ချ်အိုင်ဗွီ၊ တီဘီ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူ့ဆေးရုံများသို့ အရေးပေါ် လူနာညွှန်းပို့ခြင်းနှင့် ငှက်ဖျားရောဂါကုသရေး လုပ်ငန်းများတို့ ပါဝင်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။