လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာတွင် လူလေးဦးက အမျိုးသားတစ်ဦး၏ နားထင်ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုမှ ကျူးလွန်သူများအား သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာတွင် လူလေးဦးက အမျိုးသားတစ်ဦးကို နားထင်အား သေနတ်ဖြင့် ပစ်သတ်မှုမှ ကျူးလွန်သူများကို သေနတ် နှစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အခင်းဖြစ်ပွားရာအိမ်သို့ လာရောက် စစ်ဆေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်း ငွေမြင့်ကြွယ်ဆန်စက်ဘေးရှိ ခြံကွက်ထဲရှိ နေအိမ်သို့ လူလေးဦးက အငှားယာဉ်ဖြင့် လာရောက်ခဲ့ကြောင်း၊ နေအိမ်အတွင်း ရောက်စဉ် တစ်ဦးက အသင့်ပါလာသည့် ပစ္စတိုသေနတ်ဖြင့် ဦးခင်မောင်လွင် (ခ) ၀ါးကြီး၏ နားထင်အား ပစ်သတ်ခဲ့ကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲတွင် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်း အမှတ် (မရှိ) နေ ခင်မောင်လွင် (ခ) ၀ါးကြီး၊ (၅၆)နှစ်သည် နေအိမ်တွင် အောင်မင်းဦး (စိစစ်ဆဲ) နှင့် အတူရှိနေစဉ် ယခင် သိကျွမ်းသော စောလမွန် (ခ) ကိုစော၊ တွံတေးမြို့နယ်နေသူပါ လေးဦးတို့မှ EE/.... Fielder အငှားယာဉ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ရရန်ရှိသည့် ခြံစည်းရိုးခတ်ခ ပေးရန် ကျန်ငွေကျပ် သိန်း (၃၃၀) အား လာရောက် တောင်းခံရာ မရသဖြင့် အပြန်အလှန် စကားများခဲ့ကြပြီး စောလမွန် (ခ) ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့၍ ခင်မောင်လွင် (ခ) ၀ါးကြီးတွင် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ဝိုင်းဝန်း ထိုးကြိတ်ထားသဖြင့် ယာမျက်ခုံး၊ မျက်လုံးတို့တွင် ဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများက အောင်မင်းဦးအား လက်ထိပ်ခတ်၍ စီးလာသည့် အငှားယာဉ်ဖြင့်ပင် တင်ဆောင် ခေါ်ယူကာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့သွား ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း  သိရသည်။

ထို့နောက် သတင်းရလျှင်ရခြင်း ရဲတပ်ဖွဲ့ဝင်များသည် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲတွင် ရန်ကုန်-မအူပင်သွား ကားလမ်း မြဂိုးကျေးရွာအနီးတွင် ပြစ်မှုကျူးလွန်သူများ ငှားရမ်းစီးနင်းလာသည့် EE/... ယာဉ်နှင့် ယာဉ်မောင်း .... ဖြစ်သူအား တွေ့ရှိ စစ်ဆေးခဲ့ရာ စောလမွန် (ခ) ကိုစောပါ လေးဦးအဖွဲ့သည် ၎င်း၏ကားအား ငါးသောင်းကျပ်ဖြင့် ငှားရမ်း စီးနင်းခဲ့ကြောင်း၊ ၎င်းတို့အချင်းချင်း ပြဿနာနှင့် သိရှိ ဆက်စပ်မှုမရှိကြောင်းနှင့် အောင်ထွန်းချောင်းအတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်းဘက်သို့ ထွက်ပြေးသွားကြောင်း ထွက်ဆိုသိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ ဆက်လက် ဖော်ထုတ်ခဲ့ရာ တွံတေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲ တစ်ခုအတွင်း အောင်မင်းဦးအား ဒဏ်ရာများဖြင့် တွေ့ရှိ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး မွန်းလွဲ ၃ နာရီ မိနစ် ၄၀ တွင် တွံတေးမြို့နယ် ရေကျော်လေးကျေးရွာအနီး အခြားငါးကန်ပေါင်များပေါ်တွင် စောလမွန် (ခ) ကိုစောပါ လေးဦးတို့အား တွေ့ရှိခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ် လက်နက်ချ အဖမ်းခံစေခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသည့် ပွိုင့် ၄၅ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုး သေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်တို့နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ ၀ါးကြီးမှာ အခင်းဖြစ်ပွားရာ အကျယ်နှစ်ဧကခန့် ရှိသည့် ခြံဝင်းအတွင်း နေထိုင်သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က ဆိပ်ကမ်းသာလမ်း၌ ၀ါးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ရာမှ ၀ါးဘိုးတော်ဟု အပြင်ပဒံကျေးရွာတွင် နာမည်ကျော်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းမှာ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု မရှိဘဲ ၎င်း၏ မိတ်ဆွေများနှင့်သာ ခြံဝင်းအတွင်း နေထိုင်သူ ဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်က ဒီရပ်ကွက်မှာလည်း ၀ါးရောင်းဖူးတယ်။ အဲဒါကြောင့်သူ့ကို ၀ါးကြီးလို့ ခေါ်ကြတယ်။ သူ့ပုံစံက လူကောင်ကြီးတယ်။ အရပ်အမောင်း ကောင်းတယ်။ တစ်ခါတစ်လေ သူ့မိတ်ဆွေတွေ လာနေကြတယ်။ အဲဒီခြံထဲကိုလည်း အနီးပတ်ဝန်းကျင်က လူတွေ ဘယ်သူမှ မဝင်ရဲဘူး။ အခုဖြစ်သွားတာကလည်း ခြံကိစ္စနဲ့ ပတ်သက်ပြီး ငွေရေးကြေးရေးကိစ္စတွေ ပါမယ်ထင်တယ်။ သူက ကြားကနေ အာမခံပြီး လုပ်ပေးတဲ့ကိစ္စလို့ သိရတယ်။ အခုလာတဲ့ လူတွေကလည်း သူ့အိမ်ကို အဝင်အထွက် ရှိဖူးတယ်လို့ ပြောနေကြတာပဲ” ဟု ၎င်းက ပြောကြားသည်။

အငှားယာဉ်မောင်း၏ ထွက်ဆိုချက်အရ  နံနက် ၈ နာရီတွင် သုဝဏ္ဏမီးပွိုင့်အရောက် ဝေဇယန္တာလမ်းမပေါ်တွင် အဆိုပါ လူလေးဦးက  တစ်ရက်စာ ကားငှားခ ကျပ်ငါးသောင်းဖြင့် ငှားရမ်းကာ လှိုင်သာယာသို့ လာရောက်ခဲ့ကြောင်း၊ သမကုန်း မီးပွိုင့်အနီး အရက်ဆိုင်တွင် အရက်ဝင်သောက်ခဲ့ကြောင်း၊ ထိုသို့ အရက်သောက်နေစဉ် ၎င်းတို့ လေးဦးမှာ ကရင်လို စကားပြောကြောင်း၊ ထို့နောက် အပြင်ပဒံကျေးရွာသို့ လိုက်ပို့ခိုင်းသဖြင့် လိုက်ပို့ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ နေအိမ်အနီးတွင် ယာဉ်မောင်းအား ယာဉ်ရပ်ခိုင်းကာ ၎င်းတို့လေးဦးမှာ ယာဉ်ပေါ်မှ ဆင်းသွားကြောင်း၊ ၁၅ မိနစ်ခန့်အကြာတွင် သေနတ်သံ နှစ်ချက်ကြားရပြီးနောက် အကျႌမပါ ပုဆိုးအပြာ ဝတ်ဆင်ထားသူ တစ်ဦးအား ဖမ်းခေါ်လာပြီး ယာဉ်နောက်ဖုံးအတွင်းသို့ ထည့်ကာ ယာဉ်မောင်းအား အဆိုပါ လေးဦးအနက် တစ်ဦးက သေနတ်ဖြင့် ထောက်ပြီး မအူပင်သို့ မောင်းခိုင်းခဲ့ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားရာ နေရာသို့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းမှ လာရောက် စစ်ဆေးခဲ့ပြီး ဖမ်းဆီးရမိသူ လေးဦးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ စီးပွားရေး တာဝန်ခံ၊ ဒုစီးပွားရေး တာဝန်ခံနှင့် လုံခြုံရေးမှူး စသည့် ရာထူးများ ရယူထားသူများ ဖြစ်ကြောင်း သိရသည်။