ရွှေထူးနှင့် တွေ့ဆုံခြင်း

 

ဂီတလောကရဲ့ငွေကြယ်ပွင့်တစ်ဦးအဖြစ် အချိန်တိုအတွင်းမှာ ရပ်တည်လာနိုင်ခဲ့သူ လူငယ်အဆိုတော်တစ်ဦးထဲမှာ ရွှေထူးလည်း အပါအဝင်ဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေအကြိုက် တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့သူ ရွှေထူးက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဂီတလောကမှာ အောင်မြင်မှုတွေသိမ်းပိုက်လာနိုင်တဲ့ ရွှေထူးအနေနဲ့ သူရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်စီးရီးကို ပြင်ဆင်သူပါ။ ဒ့ါအပြင် နိုဝင်ဘာ ၁၇ ရက်နေ့ကစတင်ပြီး ရုံတင်ပြသနေတဲ့ ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားမှာ ရာဇဘွားဆိုတဲ့ လူငယ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်အနုပညာနယ်ပယ်မှာ သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အသိအမှတ်ပြုမှုတွေရရှိခဲ့ပြီဖြစ်တဲ့ ရွှေထူးနဲ့တွေ့ဆုံခိုက် သူ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  . . .

မေး     - 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး ဇာတ်ကားတွေရိုက်ဖို့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့အကြောင်းလေးကို သိပါရစေ။

ဖြေ      - ပက်ပက်စက်စက်ညှို့ဇာတ်ကားကို ပထမဆုံး လက်တွဲပြီး ရိုက်ကူးခဲ့တယ်။ အဲဒီဇာတ်ကားရိုက်ကူးဖို့ အမေက တိုက်တွန်းခဲ့သလို ကျွန်တော်ကိုယ်တိုင်ကလည်း ရလာတဲ့အခွင့်အရေးတစ်ခုကို ကိုယ့်ဘက်က ကြိုးစားကြည့်မယ်ဆိုပြီး စရိုက်ခဲ့တာပါ။ အဲဒီဇာတ်ကားရိုက်ကူးချိန်မှာ ကိုနေတိုးရော ကိုသားညီရောက ကျွန်တော့်ကို သေချာသင်ပေးတယ်။ လက်တွဲခေါ်တယ်။ ရုပ်ရှင်စက်အဖွဲ့သားတွေ မီးထိုး၊ မှန်ထိုးတွေကအစ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ဝိုင်းဝန်းအားပေးကြတဲ့အတွက်လည်း သရုပ်ဆောင်အလုပ်ကို ဆက်ပြီး လုပ်ကိုင်သွားဖို့အတွက် အင်အားဖြစ်စေခဲ့တာပါ။ ကျွန်တော့်မှာ လိုအပ်ချက်တွေရှိနေသေးပေမယ့် ဇာတ်ကားတွေ ဆက်ပြီးရိုက်ကူးဖို့ အခွင့်အရေးပေးတဲ့ ယုံကြည်ပေးတဲ့အတွက် 7 Sense နဲ့ စာချုပ်ချုပ်ခဲ့တာပါ။ အဲဒီလိုအခွင့်အရေးပေးတဲ့ ယုံကြည်ပေးတဲ့အတွက်လည်း 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးကို ကျေးဇူးအများကြီးတင်ပါတယ်။

မေး     - ပက်ပက်စက်စက်ညှို့ဇာတ်ကားမှာ ကိုယ့်ကိုအားပေးကြတဲ့တော့ ဘယ်လိုခံစားရလဲ။

ဖြေ      - ဒီဇာတ်ကားကောင်းဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးစားခဲ့ကြတာပါ။ ကျွန်တော်ရော၊ ကိုသားညီ ရော၊ မိုးစက်ဝိုင်ရော သုံးယောက်စလုံးရဲ့ ပထမဆုံးရုံ တင်ဇာတ်ကားကြီးဖြစ်လို့ ပရိသတ်တွေလာအားပေးဖို့ လည်း ဖိတ်ခေါ်ပါတယ်။ လာအားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေသေးပေမယ့် အားပေးချစ်ခင်ကြတဲ့ ပရိ သတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

မေး     - ပက်ပက်စက်စက်ညှို့ဇာတ်ကားမှာ သရုပ်ဆောင်ချိန်မှာ ကိုယ့်အတွက်ကြုံရတဲ့ အဓိကအခက်အခဲက ဘာဖြစ်မလဲ။

ဖြေ      - အမ်တီဗွီတွေမှာ သရုပ်ဆောင်တုန်းကတော့ သီချင်းနဲ့ဆိုတော့ စကားပြောပြီး သရုပ်ဆောင်မဟုတ် ဘူးလေ။ ရုပ်ရှင်ရိုက်တဲ့အခါမှာတော့ စကားတွေမမေ့အောင်ပြောရင်းနဲ့ သရုပ်ဆောင်ရတာဖြစ်လို့ ကျွန်တော့်အတွက် တော်တော်ခက်ခဲပါတယ်။ အရမ်းလည်း လေ့ကျင့်ခဲ့ရတယ်။ နောက်ပြီး ကိုယ်ငယ်ငယ်ကတည်း က နှစ်သက်ရတဲ့ ကိုနေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ရှိန်နေတာတွေလည်းရှိတယ်။ တ ကယ်တော့ ရုပ်ရှင်ရိုက်တယ်ဆိုတာ၊ ရုပ်ရှင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဇာတ်ကားတစ်ကားဖြစ်လာက လုံးဝကိုမလွယ်ဘူးဆိုတာတော့ သေချာသိလာရတယ်။

မေး     - ပက်ပက်စက်စက်ညှို့ဇာတ်ကား ရိုက်ကူးချိန်မှာ ကြုံရတဲ့အမှတ်တရရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ      - အမှတ်တရလည်းဖြစ်သလို ရယ်လည်းရယ်ရတဲ့ဟာသပါပဲ။ မျက်ရည်ကျတဲ့အခန်း ရိုက်ရတုန်းက ပေါ့။ မျက်ရည်ကျဖို့ ငိုဖို့ကျ ကျွန်တော်မလုပ်နိုင်ဘူးလေ။ အဲဒီအခန်းမှာ မျက်ရည်တုလေးသုံးတယ်။ မျက်စိထောင့်နား ပရုပ်ဆီလေးနည်းနည်းပွတ်ဆိုတာ ပရုတ်ဆီက အဖတ်လိုက်ဝင်သွားရော။ ဒါရိုက်တာကိုသား ညီက ရိုက်မယ်လည်းဆိုရော ကိုယ်က မျက်ရည်တင် မဟုတ်ဘူး နှပ်ချေးတွေပါထွက်လာရော။ ကိုယ့်အတွက် အမှတ်တရဖြစ်သလို နောက်လည်း ဘယ်လိုကြိုးစားရမယ်၊ ပြင်ဆင်ရမယ်ဆိုတာတွေ သိသွားစေပါတယ်။

မေး     - ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးလေးကရော ဘယ်လောက်ပြီးနေပြီလဲ။

ဖြေ      - ဒုတိယမြောက်တစ်ကိုယ်တော် တေးစီးရီးသစ်ကို အသံသွင်းတာတွေလုပ်နေပါပြီ။ ဒုတိယခွေမှာ တော့ ပထမခွေဖြစ်တဲ့ စိတ်ကူးယဉ်စာအုပ်မှာဆိုခဲ့တဲ့ သီချင်းပုံစံတွေ Underground မှာဆိုခဲ့တဲ့ သီချင်းပုံစံ တွေနဲ့မတူတဲ့ သီချင်းပုံစံတွေပိုပြီးပါမှာပါ။ သီချင်းပုံစံ အဆန်းလေးတွေကို Rap တို့ R&B တို့လိုပုံစံလေး တွေကိုမှ ဆိုနေကြမဟုတ်တဲ့ ပုံစံလေးတွေလုပ်ထားပါတယ်။ ကျွန်တော့်ကို စီကီးထဲက မထွက်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မထွက်တာဖြစ်တဲ့အတွက် လက်ခံတယ်။ အဲဒါတွေကို လည်း ပုံစံကွဲအောင် တီးခတ်ဖန်တီးပေးဖို့ တခြားမြူးဇစ် ပရိုဂျူဆာတွေဆီမှာ အပ်တယ်။ သေချာဖန်တီးထားတယ်။ ကျွန်တော်ဆိုနေကျမဟုတ်တဲ့ သီချင်းပုံစံတွေ ပါမှာဖြစ်သလို ပရိသတ်အကြိုက်တေးသီချင်းတွေလည်း ပါမှာပါ။ စီးရီးကိုဖြစ်နိုင်ရင် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၁၈ ဇန်နဝါရီလထဲမှာ ထွက်နိုင်ဖို့အတွက် စီစဉ်နေပါတယ်။

မေး     - ဝေဖန်မှုတွေကြံရချိန်မှာ ဘယ်လိုရင်ဆိုင်ပြီးဖြတ်သန်းလဲ။

ဖြေ      - ဝေဖန်မှုတွေကတော့ ခံရမှာပေါ့လေ။ အရင်က ကျွန်တော်က စိတ်ဆတ်တယ်။ ဂျစ်ကန်ကန်နိုင်တယ်။ သူများက ကိုယ့်ကိုယ်တစ်ခုခုပြောရင် မကြိုက်ဘူး။ လူငယ်လည်း လူငယ်ဆိုတော့ ခံပြင်းစိတ်တွေဖြစ်တယ်။ ဒါပေမဲ့ ကိုယ်မှမဟုတ်ဘူး။ အနုပညာရှင်တိုင်းက ဝေဖန်မှုတွေခံရမှာပဲ။ ချစ်တဲ့သူရှိသလို မုန်းတဲ့သူ လည်းရှိမှာပဲဆိုတာကို နားလည်းလက်ခံပြီး ဝေဖန်မှုတွေကို လက်ခံတယ်။ မကောင်းတဲ့ဝေဖန်မှုတွေကိုလည်း ပြန်ဆန်းစစ်ပြီး ပြင်စရာရှိတာပြင်တယ်။ ဒါပေမဲ့ ဝေဖန်တာမျိုးမဟုတ်ဘဲ ကဲ့ရဲ့တာမျိုးတွေကိုတော့ ခေါင်းထဲသိပ်မထည့်ဘူး။

မေး     - အဆိုတော်အလုပ်နဲ့ သရုပ်ဆောင်အလုပ် နှစ်ခုဖြစ်လာပြီဆိုတော့ နောက်ပိုင်းမှာ ဘယ်အနု ပညာအလုပ်တွေကို ပိုလုပ်ဖြစ်မလဲ။

ဖြေ      - နှစ်ခုစလုံးကိုတော့ မျှအောင် လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့ပင်မက အဆိုတော်ဖြစ်သလို ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့လည်း လက်ခံထားတာဖြစ်လို့ နှစ်ဖက်စလုံးမှာ သေချာကြိုးစားပြီး မလစ်ဟင်းရအောင် ပြင်ဆင်သွားပါမယ်။

မေး     - 7 Sense နဲ့ ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ ကိုယ့်လုပ်ချင်တဲ့ဇာတ်ကောင်မျိုး ရိုက်ခွင့်ရမယ်ဆိုတော့ ဘယ်လိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်လဲ။

ဖြေ      - ကျွန်တော်က ဗီလိန်ဇာတ်ကောင်ကိုပဲ သရုပ်ဆောင်ချင်တာ။ ငယ်ငယ်ကတည်းကလည်း ဇာတ်ကားတွေကြည့်ရင် ဗီလိန်ဇာတ်ကောင်တွေကိုပဲ ကြိုက်တယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ကြိုက်ဆိုရင်တော့ သူ့ဇာတ်ကောင်စရိုက်နဲ့ လုပ်ကွက်သေချာရှိပြီး အထာကျတဲ့ ဗီလိန်ဇာတ်ရုပ်မျိုး ရိုက်ချင်တယ်။

မေး     - ကိုယ့်ရဲ့ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ      - ကျွန်တော်က အဆိုတော်ရွှေထူးဘဝကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားတွေ စရိုက်လာခဲ့တယ်။ ကျွန်တော့်မှာ လိုအပ်ချက်တွေအများကြီးရှိနေဦးမှာပါ။ အဲဒီအတွက် ပရိသတ်တွေက ဝေဖန်ပေးပါ။ ထောက်ပြပေးပါ။ ဝေဖန်မှုတွေကိုတော့ ကျွန်တော် ကြိုဆိုပြီး ကျွန်တော့်ဘက်က လိုအပ်တာတွေ ကိုလည်း အကောင်းဆုံးကြိုးစားသွားပါမယ်။ ကျွန်တော်က နည်းနည်းဂျစ်ကန်ကန်ဖြစ်ပေမယ့် အရမ်းသဘောကောင်းပါတယ်လို့ ပြောချင်ပါတယ်။