မုန့်ဖုတ်ခြင်း

မီးပျက်သွားသည့် အချိန်လေးတွင် ကျွန်တော့်အလုပ်များကို ရပ်နားထားပြီး မုန့်ဖုတ်စက်ကို ငေးကြည့်နေမိပါသည်။ မုန့်ဖုတ်စက်က ဂတ်စ်မီးတောက်ဖြင့် အပူပေးကာ အသုံးပြုရသော စက်ဖြစ်သဖြင့် မီးပျက်သောအခါ ဂတ်စ်များ မထုတ်လွှတ်နိုင်တော့ပါ။ လတ်တလော ထည့်သွင်းထားသော ကိတ်မုန့်အနှစ်ရည်များသည် အရည်အသွေးမီ ကိတ်မုန့်များအဖြစ်သို့ ရောက်နိုင်တော့မည်မဟုတ်။

‘နွားသိုးနဲ့ မိုး အစိုးမရ’ ဟူသည့် စကားပုံ ကဲ့သို့ပင် ကျွန်တော်တို့ဆီ၌ လျှပ်စစ်မီးသည်လည်း အစိုးမရခဲ့သည်မှာ ကြာခဲ့ပါပြီ။ လျှပ်စစ်မီး အစိုးမရသည့်အကြောင်း သိထား၍ တရုတ်ပြည်လုပ် မီးစက်နှင့် ဒိုင်နမိုကို အရန်သင့် တပ်ဆင်ထားပါသော်လည်း မီးစက်အင်ဂျင်ထဲ ဆီထည့်ရန်ကိုတော့ ကျွန်တော်မေ့လျော့နေခဲ့သည်။ အင်ဂျင်လည်ပတ်ရန် လောင်စာလိုအပ်မှန်း သိသော်လည်း ကျွန်တော်မှာ ပေါ့ဆမိခဲ့ပါ၏။ စီမံခန့်ခွဲမှုများ ညံ့ဖျင်းခဲ့ပါ၏။ အရာရာ၏ အစိုးမရဖြစ်တတ်ခြင်းများကို သိပါသော်လည်း မြင်းခွာကို သံစုံအောင်ရိုက်ရန်မူ အပျင်းထူခဲ့မိပါသည်။

ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်သည့် လုပ်ငန်းကို လုပ်ကိုင်ခြင်းသည် ကျွန်တော့်ဘဝအတွက် ဒုတိယအကြိမ်ဖြစ်၏။ လွန်ခဲ့သော ကာလများကလည်း လုပ်ကိုင်ခဲ့ဖူးသည်။ ယခုကဲ့သို့ ဂတ်စ်မီးဖိုနှင့်တော့ မဟုတ်။ အုတ်များဖြင့် တည်ဆောက်ထားပြီး ထင်းနှင့် မီးသွေးကို လောင်စာအဖြစ် အသုံးပြုရသည့် ဂျပန်ရိုးရာ မုန့်ဖုတ်ဖိုနှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်၂၀ နီးပါးက ရွှေဘိုမြို့ မြိုက်စုရပ်တွင်ရှိသော မုန့်ဖိုကြီးတစ်ခုတွင် မမျှော်လင့်ဘဲ ပညာသင်ခွင့်ရခဲ့ပါသည်။ ထိုအချိန်ကာလက  မုန့်ဖုတ်ပညာသင်ကြားရန် ဆိုသည်မှာ ယခုနေခါကဲ့သို့ မလွယ်ကူလှ။ အရာရာသည် တံခါးပိတ်ဝါဒနှင့် မကွာရှင်းနိုင်ကြသေး။ မုန့်ဆရာများ မုန့်ဖုတ်ရန် ဆေးစပ်လျှင်ပင် အခန်းတံခါးပိတ် ဆေးစပ်ကြသည့်ကာလ။ ကျွန်တော့်မှာသာ ကံကောင်းလှစွာ ထိုနေရာသို့ ဝင်ထွက်ခွင့်၊ စူးစမ်းခွင့်နှင့်အတူ မိသားစုရင်းချာပမာ နေထိုင်ခွင့် ရခဲ့ပါ၏။

ကျွန်တော့်အတွက် အရာရာသည် ထူးဆန်းနေသည်။ မီးနှင့်ဖုတ်သော မုန့်များတွင် နံပြားဖုတ်သည်ကိုသာ အနီးကပ်မြင်ဖူးခဲ့သဖြင့် အုတ်ချပ်ရေ ၁၀,၀၀၀ နီးပါးဖြင့် တည်ဆောက်ထားသော ကိတ်မုန့်ဖိုကြီးမှာ ကျွန်တော့်အတွက် လွန်စွာခမ်းနားနေပါသည်။

နံနက်စောစောတွင် မီးသွေးအကြေများနှင့် ထင်းတုံးများကို  စုပုံမီးရှို့ပြီး မုန့်ဖိုကြီးကို မီးမွှေးရသည်။ ထင်းနှင့်မီးသွေးများ ရဲပဒေါင်းထအောင် လောင်ကျွမ်းသွားသော အခါတွင်  အပေါ်ယံကို ပြာပါးပါးလေးဖုံးပြီး  မုန့်ဖုတ်ရန်အတွက် ပြင်ဆင်ကြရသည်။ ထိုသို့ပြင်ဆင်ခြင်းကို မီးကိုင်သည်ဟု သုံးနှုန်းကြပြီး မီးကိုင်သူမှာ ခဏချင်းပင် နဖူးမှ ချွေးများ ခြေမ,တင်မက မြေကြီးပေါ်အထိ ပေါက်ပေါက်ကျအောင် ပင်ပန်းလှပါသည်။

မုန့်ပညာသင်ရန် ပထမဆုံးသွားရသောနေ့က ပိုင်ရှင်လည်းဖြစ်ပြီး မုန့်ဆရာကြီးလည်းဖြစ်သည့် ဘဘဦးလှအောင်က “မုန့်ပညာ သင်ချင်တယ်ဆိုရင် ကြက်ဥကြော် တတ်သလား၊ မြေပဲဆန်ကြော် တတ်သလား” ဟု မေးဖူးသည်။ ထိုမေးခွန်းများကို ပေါ့ပေါ့တန်တန် သဘောမထားရဲ။ သေသေချာချာ စဉ်းစားပြီးမှ အဖြေပေးခဲ့ဖူးပါသည်။ သာမန်အတွေးဖြင့်ဆိုလျှင်တော့ မုန့်ဖုတ်ခြင်းသည် မြေပဲဆန်ကြော်ခြင်း၊ ကြက်ဥကြော်ခြင်းနှင့် မဆက်စပ်မပတ်သက်သကဲ့သို့ ထင်ရ၏။

မြေပဲဆန်ကို မီးပြင်းပြင်းကြီးဖြင့် ကြော်လျှင် အတွင်းမှာ မကျက်ဘဲ တူးသွားမည်။ မီးအေးအေးဖြင့် ကြော်သော ကြက်ဥဆိုလျှင်တော့ အကြွအရွနည်းပြီး ရှုံတွတွဖြစ်ကာ စားမကောင်းဖြစ်မည်။ မီးအေးအေးဖြင့် ကြော်သော ဟက်ဖ်ဖရိုက်နှင့် မီးပြင်းပြင်းဖြင့်ကြော်ပြီး မြန်မြန်ဆယ်လိုက်သော ဟက်ဖ်ဖရိုက်ခြင်းပင် စားရသည့် အရသာမတူ။

ထိုအကြောင်းအရာများကို ပြောပြပြီး ကျွန်တော့်ကို သင်တန်းစပေးပါသည်။ ငါးရက်၊ ခြောက်ရက် ကြာသည်အထိ မည်သည့် နေရာကိုမှ ဝင်ကူမခိုင်းဘဲ  မတ်တတ်ရပ်လျက် ကြည့်နေစေပါသည်။ ကျွန်တော့်မှာ မုန့်လုပ်သည့် အလျား ၁၂ ပေ၊ အနံ ၅ ပေကျော်ရှိသည့် စားပွဲကြီးနံဘေး၌ ရပ်သည့်အခါ ရပ်၊ မုန့်ဖုတ်သည့် မီးဖိုနှစ်ဖိုတွဲကြီးနား သွားလိုသွား၊ ကိတ်မုန့်မွှေသည့် စက်နား ကပ်လိုကပ်၊ လူးလာနေမိသည်။

ညောင်းလျှင် ထိုင်ရန်ပြောသော်လည်း ကျွန်တော့်မှာ မထိုင်ဖြစ်ပါ။ လုပ်သားများနှင့်တကွ သူ၏သားနှင့် သမီးပါ မတ်တတ်ရပ်ပြီး လုပ်ငန်းလုပ်နေကြခြင်းဖြစ်ရာ သနားသဖြင့် ပညာသင်ခွင့်ရသူ ကျွန်တော်က ထိုင်နေပါမူ လူပါးဝရာရောက်မည့်အကြောင်း ထိုစဉ်က ဘာသာတွေးမိ၍ဖြစ်၏။

တစ်ပတ်ခန့်ကြာသောအခါမှ မုန့်လုပ်ငန်းကို ဝင်ရောက်ကူညီခွင့်ပေးပါသည်။ မျက်စိယဉ်ပါး၊ နားရည်ဝနေပြီဖြစ်သဖြင့် အမှားအယွင်း သိပ်မများလှပါ။ မည်သည့် လုပ်ငန်းမျိုးမဆို မျက်စိရည်၊ နားရည်ယဉ်ပါးပြည့်ဝနေလျှင် သင်ကြားတတ်မြောက်ရန် လွယ်ကူမည်ဟု ကျွန်တော်ထင်ပါသည်။

ကျွန်တော်တို့ မုန်ဖုတ်လုပ်ငန်းတွင် မုန့်အမယ်တော်တော်များများ၌ ကြက်ဥအသုံးပြုသည်။ သတ်မှတ်ထားသော ကြက်ဥအလေးချိန်စံနှုန်းလည်း ရှိပါသည်။ ‘တစ်ခါတစ်ရံတော့ စေတနာပါရင် ပိုထည့်ပေးလိုက်ပေါ့” ဟူ၍လည်း ပြောကြသည်။ လိုအပ်သည်ထက် ပိုထည့်လျှင် စား၍ကောင်းပါသည်။ လျှော့ထည့်ပါက ညံ့၏။ စေတနာနည်းခဲ့ကြ၍ တံတားကျိုး၊ အဆောက်အအုံ ပြိုဖြစ်ခဲ့ခြင်းများလားဟု တွေးမိပါသည်။

မုန့်ဖိုအကြောင်းနှင့်ဆက်စပ်၍ ငယ်ဘ၀ အမှတ်ရစရာများကိုလည်း ပြန်တွေးမိသည်။ ကျွန်တော် ငယ်ဘ၀ နေထိုင်ခဲ့ရသော နေရာသည် ဈေးလမ်းမအတိုလေးနံဘေးမှာ။ ဈေးလမ်းမဖြစ်သည့်အားလျော်စွာ လူစုံ၊ မြင်ကွင်းစုံ၊ စကားစုံသည့်အပြင် ဆိုင်ကန္နားများလည်း စုံလင်သည်။

ကျွန်တော် နှစ်သက်သည့် ဆိုင်များပါသကဲ့သို့  မနှစ်သက်သည့် ဆိုင်များလည်း ပါလေသည်။ အတော်ကြီးမုန်းသော်လည်း တစ်လတစ်ခါဆိုသကဲ့သို့ု မဖြစ်မနေ သွားရသည့် ဆိုင်လည်း ပါသည်။ ထိုဆိုင်က ဦးတင်မောင်ဆံသဆိုင် ဖြစ်သည်။ တစ်လတစ်ခါ မပျက်မကွက် အဘွားဖြစ်သူ၏ စောင့်ကြပ်မှုဖြင့် ကျွန်တော် ဆံပင်အညှပ်ခံရသည်။ ဆံသဆရာဖြစ်သူမှာလည်း ကျွန်တော်လာလျှင် အတော်ပင် စိတ်ဆင်းရဲရရှာပေမည်။ သူ့ကို ကျွန်တော်မကြောက်ပါ။ သို့သော် ဗြုတ်ခနဲ၊ ဗြုတ်ခနဲ ဆံပင်များကို ဆွဲနုတ်သကဲ့ သို့ဖြစ်နေသော သူ့စက်ကတ်ကြေးအဟောင်းကြီးကိုတော့ ကြောက်သည်။ အော်ငိုရင်းဖြင့် သူ့ကို ကျွန်တော်ဆဲသည်။ ပီပီသသတော့ မဟုတ်။ ကလေးပီပီ ဗလုံးဗထွေး အာလုတ်သံဖြင့် ငါကိုင်ခဲ့ခြင်းသာ။ ကျွန်တော့်ကို သူစိတ်မဆိုး။ သူ့စက်ကတ်ကြေးအကြောင်းပဲ သူသိ၍လား၊ ကျွန်တော်ကဲ့သို့ ကလေးများစွာကြောင့် အရေထူသွားခြင်းလား မပြောတတ်။ ပြုံး၍သာနေသည်။ လက်ထဲမှ စက်ကတ်ကြေးသံသည် ထိုအခါမျိုး၌ ပို၍ဆူညံ လာသကဲ့သို့၊ နားသယ်တစ်ဝိုက် နာကျင်မှုသည်လည်း ပိုစိပ်လာသည်။ ထိုအချိန်အခါမျိုး တစ်ခါမဟုတ် နှစ်ခါမဟုတ်။

တိုက်ဆိုင်လွန်းစွာ အလွန်မွှေးကြိုင်သော မုန့်အနံ့ကို ကျွန်တော်ရတတ်သည်။ ထိုအနံ့သည် ဆံပင်ညှပ်ဆိုင်နံဘေး မုန့်ဖိုတစ်ခုမှ လာခဲ့ခြင်းဖြစ်သည်။ အဘွားဖြစ်သူထသွားပြီး  ပြန်အလာတွင် အညိုရောင် အနည်းငယ်သန်းသော ဘန်းမုန့်တစ်လုံး ပါလာသည်။ အပေါ်တွင် ဆေးနီရောင် အမှတ်အသားလေး ပါသေးသည်။ ထိုမုန့်ကို မြင်မိလျှင် ကျွန်တော်အငိုရပ်သည်။ ဆံပင်ညှပ်ခြင်းကိစ္စ မြန်မြန်ပြီးစီးစေရန် ကျွန်တော်ငြိမ်ခံမိသည်။ ဆံပင်ညှပ်ပြီးမှ ကျွန်တော် မုန့်စားရမည်ဖြစ်ကြောင်း သိ၍ဖြစ်၏။ ထိုပေါင်မုန့် ပူပူလေးမှရသော ရနံ့သည် ကိတ်မုန့်မှရသော ရနံ့နှင့် မတူကြောင်းကို ထိုစဉ်ကတည်းက သတိထားမိသည်။ ကိတ်မုန့်မှရသော ရနံ့သည် သွားရည်ကျလောက်အောင်မဖြစ်။ ပေါင်မုန့်မှရသော ရနံ့သည်ကားခံတွင်း၌ တံထွေးများပင်စို့လာအောင် ဆွဲဆောင်မှုရှိပါသည်။

ကိတ်မုန့်သည် မွှေးစေသည့် ရနံ့ ‘Fla Vour’ ထည့်ထား၍သာ မွှေးရခြင်းဖြစ်သည်။ ပေါင်မုန့်သည်ကား ထိုသို့မဟုတ်။ ဂျုံထဲ၌ ပါဝင်သော သကြားဓာတ်နှင့် မုန့်ပြုလုပ်စဉ်ပါဝင်သော သကြားကို ‘တဆေး’ ဟု ခေါ်ကြသော ဂျုံအလျင် (Yeast) က ရေနွေးငွေ့ဖြင့် အပူပေးနေစဉ်မှာပင် စသုံးနေလေပြီး မီးဖိုထဲထည့်ကာ ဖုတ်ချိန်၌ သင်းပျံ့သော ရနံ့ကို ထုတ်လွှတ်ခြင်းပင် ဖြစ်သည်။

ထိုရနံ့သည် လျှာ၌ရှိသော အာရုံခံဆဲလ်များကို လှုပ်နှိုးလိုက်ခြင်းပင်ဖြစ်၏။ ငယ်စဉ်ကဖြစ်စဉ်ကို သေချာမသိဘဲ သွားရည်ကျမိသော ကိစ္စရပ်များကို စာတွေ့၊ လက်တွေ့ဘဝဖြင့် သိရချိန်တွင် ကျွန်တော်အရွယ်ပင် လွန်နေခဲ့လေပြီ။

လွန်ခဲ့သော ဆယ်စုနှစ်များက ဆားမန်ကျည်းစေ့သာသာလောက်၊ ရေတစ်ဖလားခွဲ၊ ဂျုံမုန့်ပုံးတစ်ပုံးခွဲ စသဖြင့်..စသဖြင့်သော ရေရာတိကျမှုမရှိသည့် အချိန်အတွယ်များ နေရာတွင် တစ်ဂရမ်မျှပင် အလွဲမခံသည့် ဂရမ်စနစ်အသုံးပြုသော ဒီဂျစ်တယ်ကတ္တား အစားထိုး အသုံးပြုလာကြပြီ။

အရာရာသည် အတိမ်းအစောင်းမခံတော့။ စားသုံးသူများကလည်း ပါးနပ်လာကြပြီ ဖြစ်သည်။ သို့သော် ပြင်ဆင်ထုပ်ပိုးမှုဖြင့်တော့ စားသုံးသူ၏ တဏှာလောဘ အပေါ်အသုံးချ၍ ရနေသေးသည်ဟု ဆိုရမည်လား မပြောတတ်။ ဟိုးတုန်းက ဘန်းမုန့်ဆိုလျှင် ရိုးရှင်းလှသည်။ ပဲဘန်းမုန့်ဆိုလျှင် အနီစက်ကလေးတို့ထားသည်။ အုန်းသကြား ဘန်းမုန့်ဆိုလျှင် မည်သည့်အမှတ်အသားမျှမပါ။ ယခုတော့ အုန်းသီးစစ်စစ်နှင့် ဘန်းမုန့်ကို စားရဖို့ပင် ခက်ခဲနေပြီဖြစ်သည်။ ရယ်ဒီမိတ်အုန်းဆံမှုန့်များ အသုံးပြု၍ အပေါ်ယံမျက်နှာပြင် အလှဆင်ထားသော  ‘Pastry’ ဘန်းမုန့်များကို စားသုံးသူတို့ မျက်စိတွေ့ကြသည်။ မှန်ရာဆိုရလျှင် ကျွန်တော့်အတွက်မူ ငယ်စဉ်တောင်ကျေး ကလေးဘဝက ဆံပင်ညှပ်အပြီး စားခဲ့ဖူးသည့် ပဲ ဘန်းမုန့်လေးလောက် ခံတွင်းမတွေ့လှ။

သို့သော် ကျွန်တော်ကြိုက်ခြင်း၊ မကြိုက်ခြင်းသည် အဓိကမဟုတ်၊ လူအများအကြိုက်ကိုသာ ကျွန်တော် ပြုလုပ်ပေးရမည်ဖြစ်သည်။ အာဟာရပါဝင်မှုတန်ဖိုးကို ကျွန်တော် ရှင်းပြနေလျှင်လည်း ခေတ်နောက်ပြန်သွား လူသားတစ်ဦးအဖြစ်သာ အလှောင်ခံရဖွယ်ရှိပါသည်။

အတိတ်က အကြောင်းများကို တွေးနေရင်းဖြင့် ပေါင်မုန့်များ အပွခံထားရာစင်ကြီးဆီသို့ ကျွန်တော် ကြည့်မိလေသည်။ ထို့နောက် နာရီကို ကြည့်မိသည်။ အစီအစဉ်အရ ကိတ်မုန့်များ ကျက်သည်နှင့် ပေါင်မုန့်များကို ဖုတ်ရပေမည်။ ၎င်းတို့ အပွလွန်သွားလျှင် စားသုံး၍မကောင်း။ ညနေစောင်းချိန်၌ စားသုံးသူ ဖောက်သည်များထံသို့လည်း မပျက်မကွက်ရောင်းချပေးရမည့် ဝတ္တရားရှိနေသည်။ ဒီဇယ်သွားဝယ်သည့် ကလေးကိုသာ မျှော်နေမိသည်။

ဟိုးအရင် လုပ်ကိုင်ခဲ့သည့် အုတ်မီးဖိုကြီးနှင့်ဆိုလျှင် ထင်းနှင့် မီးသွေးအသုံးပြုရသဖြင့် မီးပျက်လျှင်လည်း ကိစ္စမရှိ။ မုန့်သားလှသည်၊ မလှသည် အပထား၊ စား၍တော့ ဖြစ်သေးသည်။ ခေတ်မီမီ ကမ္ဘာသုံး ဂတ်စ်ဖိုကတော့ လုံးဝပြည့်စုံနေရန် လိုအပ်သည်။ တစ်ခုခု ချွတ်ချော်ခဲ့လျှင် လွှင့်ပစ်လိုက်ရုံသာရှိ၏။ မြေပဲဆန်ကြော်ခြင်းနှင့် ကြက်ဥကြော်ခြင်းကို ပုံပမာပြပြီး ကံ့ကူလက်လှည့်  ပညာသင်ပေးခဲ့သော ဘဘဦးလှအောင်ကို  သတိရလိုက်မိသည်။ မြေပဲဆန်က အစိုအခြောက် ရောနှောနေပြီး စံချိန်မမီခြင်းများ၊ ကြက်ဥက အကာပြဲပြဲ အနှစ်မဲ့မဲ့ အနေအထားများဖြစ်နေလျှင် မည်သို့ပြုလုပ်ရမည်နည်းဟု မေးလိုက်ချင်ပါသည်။ ဘဘက ကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။

ဒီဇယ်များကို အင်ဂျင်တိုင်ကီထဲ အလျင်အမြန် ထည့်လိုက်သည်။ ဂွရှင်လေးဖြင့်ဆီပို့ ပိုက်မူလီများကို လျှော့ချကာ ဆီပြတ်စဉ်က ခိုနေသောလေများကို ထုတ်ပစ်လိုက်သည်။ သေချာပြီဆိုကာမှခြေကို မြဲမြဲရပ်ကာ စက်နှိုးသည့် လက်ကိုင်ကို သေချာစွာတပ်၍ အားစိုက်လှည့်သည်။ ဘယ်ဘက်လက်ညှိုး၊ လက်မçဖြင့် ဖိထားသော လေဘားလေးကို လွှတ်ချပြီးချိန်အထိ ဆက်တိုက်လှည့်ပါသော်လည်း နော်ဇယ်သံပင် ထွက်မလာတော့။ အချိန်သည် တရွေ့ရွေ့ကုန်လွန်နေပေပြီ။

ဆိုင်ကယ်ဆီတိုင်ကီထဲမှ ဓာတ်ဆီအနည်းငယ် ဆိုရုံလေးကို ထုတ်ယူလိုက်ပြီး ဒီဇယ်အင်ဂျင်ကြီး၏ နှာပေါက်ဝထဲသို့ ပက်ဖြန်းလိုက်ရသည်။ ပေါ့ပေါ့ပါးပါးပင် အင်ဂျင်က နိုးထလာသည်။ တကယ်တော့ မလုပ်သင့်သော  အရာမှန်းသိပါ၏။ ကျွန်တော့်တွင် အချိန်မရှိတော့ပါ။ ပစ္စတင်များ၊ နော်ဇယ် ပလန်ချာများသည် ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အထိနာကြမည်မှန်း ကျွန်တော်သိပါ၏။ ရွေးချယ်စရာလမ်းက  မရှိတော့ပါ။ ညနေစောင်းတွင် ဆာလောင်နေကြမည့် ပေါင်မုန့်စားသူ ဖောက်သည်များကို ဦးစားပေး စဉ်းစားလိုက်ရပါတော့သည်။ ကိတ်မုန့်များ အရည်အသွေးမမီသော်လည်း ပေါင်မုန့်များကို စံချိန်မီ ဖုတ်နိုင်ခဲ့ပါသည်။

ထိုအဖြစ်အပျက်များ ပြီးစီးသည့်နောက်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်ရာ၌ တတ်နိုင်သမျှ ထောင့်စေ့နိုင်အောင် ကြိုးစားခဲ့ပါသည်။  ခဏခဏ မှားယွင်းပါက စားသုံးသူများဘက်မှ သည်းခံနိုင်ရန် မလွယ်ကူမှန်း ကျွန်တော် ဆင်ခြင်မိပါသည်။