တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong liang နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုခရီးစဉ်မတိုင်မီ  မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEM) သို့ တက်ရောက်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ "ဝ''အဖွဲ့အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်အား ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်ရန် တာဝန်ပေးထားသည်။

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ သုံးရက်ကြာ ''ဝ'' ဒေသနှင့် မိုင်းလားဒေသသို့သွားရောက်ကာ နှစ်ဖွဲ့စလုံးအား သီးခြားစီတွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံချိန်တွင် ''ဝ'' ဒေသသို့ မစ္စတာဆွန်းကော့ရှန်ရောက်ရှိနေကြောင်း ဓာတ်ပုံမှတ်တမ်းများအရသိရသော်လည်း ဆွေးနွေးမှုတွင်ပါဝင်ခြင်းရှိ၊ မရှိ မသိရပေ။

ယင်းခရီးစဉ်အတွင်း "o'' သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်က တိုက်တွန်းခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပါတ်သက်၍ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် FPNCC ကော်မတီ ၏ ယခင်ထုတ်ပြန် ကြေငြာထားသော နိုင်ငံရေးမူဘောင်များအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း ''ဝ'' အဖွဲ့က နိုဝင်ဘာ ၁၄ ရက် တွင် ထုတ်ပြန်ထားသည်။

FPNCC ကော်မတီသည် NCA စာချုပ်အား လက်မခံဘဲ NCA နှင့်အလားသဏ္ဍာန်တူသည့် အပစ်ရပ်စာချုပ်တစ်စောင်အား အစိုးရထံပေးပို့ထားပြီး အစိုးရနှင့် တပ်မတော်အနေဖြင့် FPNCC ကော်မတီအား အသိမှတ်ပြုထားခြင်း မရှိပေ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက သွားရောက်ထားသည်။