မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရန် အခြေခံအဆောက်အအုံ လိုအပ်ချက်မှာ စိန်ခေါ်မှုဖြစ်နေပြီး အစိုးရက ဖြည့်ဆည်းပေးနိုင်သည့် ရင်းမြစ်မရှိသေးကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြ

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်က စိန်ခေါ်မှုတစ်ခု ဖြစ်နေပြီး အစိုးရတစ်ခုတည်း အနေဖြင့် ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်များ မရှိသေးကြောင်း Economic Corporate Network နှင့် Baker McKenzie တို့မှ ထုတ်ပြန်လိုက်သည့် Building Myanmar: Bridging The Infrastructure Gap အစီရင်ခံစာသစ်အရ သိရသည်။

မြန်မာ့စီးပွားရေး တိုးတက်မှုသည် လာမည့်နှစ်များအတွင်း ပျမ်းမျှ ၇ ရာခိုင်နှုန်းအထက်တွင် ဆက်လက် ရပ်တည်နေမည်ဟု ခန့်မှန်းထားသော်လည်း ယင်းတိုးတက်မှုကို ထိန်းထားနိုင်ရန်မှာ အစိုးရထံ အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း၊ ဘဏ္ဍာငွေကြေးအဖွဲ့အစည်းများ တိုးတက်အောင် ဖော်ဆောင်ခြင်းနှင့် ပုဂ္ဂလိက ကဏ္ဍတို့အပေါ်တွင် မူတည်နေကြောင်း ဖော်ပြထားသည်။ ထိုသို့ မဟုတ်ပါက အခြေခံအဆောက်အအုံ ကွာဟချက်မှာ မြန်မာ့စီးပွားရေးကို ရပ်တန့်သွားစေနိုင်ကြောင်း သုံးသပ်ထားသည်။

တိုင်းပြည်၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များဖြစ်သည့် အထူးသဖြင့် စွမ်းအင်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးတို့ကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းရန် အရှိန်အဟုန်တိုးမြှင့်၍ တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများ အနေဖြင့် ထိုကြိုးပမ်းမှုကို ပံ့ပိုးပေးမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို တိုးမြှင့်ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွက် ထင်ရှားသော အခြေခံအဆောက်အအုံ တစ်ခုမှာ တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး မတိုင်မီက မြန်မာနိုင်ငံမှာ ကမ္ဘာ့ဆက်သွယ်မှုနှုန်း အနှေးဆုံးအနက် တစ်နိုင်ငံဖြစ်ခဲ့သည်။ အလွန် အကန့်အသတ်များသည့် အင်တာနက် သုံးစွဲမှုနှင့်အတူ ဆင်းမ်ကတ်သုံးစွဲမှု အရေအတွက်မှာ ထောင်ဂဏန်းသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ လက်ရှိတွင် သုံးစွဲနေသော ဆင်းမ်ကတ်ပေါင်း သန်း ၅၀ ကျော်အထိ ရှိလာပြီး မိုဘိုင်းအင်တာနက် မြန်နှုန်းမှာလည်း ဒေသတွင်း၌ အမြန်ဆုံးဖြစ်လာကာ နေ့ချင်းညချင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ထားသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေး အလားအလာ ဆက်လက် အပြုသဘောဆောင်နေဖို့အတွက် တိုးတက်ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံက အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုက လူမှုရေး တိုးတက်ဖွံ့ဖြိုးမှုဆီ ဦးတည်နေသလို လူသန်းပေါင်းများစွာရဲ့ ဘဝအရည်အသွေးကို တိုးတက်မြင့်မား လာစေနိုင်ပါတယ်။ ဒီစာတမ်းမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ၊ အခွင့်အလမ်းတွေကို ခွဲခြားဖော်ပြထားပါတယ်”ဟု အရှေ့တောင်အာရှ The Economist Corporate Network ၏ ဒါရိုက်တာ နှင့် ယင်းအစီရင်ခံစာကို တွဲဖက်ရေးသားသူ Andrew Staples က ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး ဗဟိုအချက်အချာသို့ ပျံ့နှံ့လာမည်ဟု မယူဆသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကိုပါ ယင်းအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။