အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၅ သန်းကျော်သာ ဝင်ရောက်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၅ သန်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၄၁၃၇ ဒသမ ၀၁၃ သန်း ရှိပြီး အောက်တိုဘာလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၂၄၂ ဒသမ ၁၁၃ သန်း ရှိလာသဖြင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းသာ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၄ ဘီလျံကျော်တွင် တရုတ်နိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေးစီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ကူးပြောင်းစေရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူးဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည် စိစစ်နိုင်ရေး၊ လုပ်ငန်းထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှု မူဝါဒများ လိုအပ်ခြင်း၊ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV) ၊ စီးပွားရေးက တိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC) ၊ တည်ဆောက် လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။