ဘင်္ဂါလီအရေးကို ဖြေရှင်းရန် တရုတ်၏ အစီအစဉ်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား

ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့သည့် အကျပ်တည်းတစ်ရပ်ကို ဖြေရှင်းရန် တရုတ်၏ အစီအစဉ်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့နိုင်ငံတို့က ထောက်ခံကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အဆင့်သုံးဆင့် ပါဝင်သည့် ဖြေရှင်းမှုတစ်ရပ်ကို လွန်ခဲ့သည့် သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စဉ်နှင့် ယခု သီတင်းပတ်အကုန်တွင် မြန်မာနိုင်ငံသို့ လာရောက်စဉ် တင်ပြခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားသော လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုမြောက်နိုင်သည်ဟု ပြောကြားခဲ့သော မြန်မာလုံခြုံရေးတပ်များ၏ အကြီးအကျယ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ်အတန်ကြာ အုပ်စိုးခဲ့သော စစ်အစိုးရကို ထောက်ခံခဲ့သည့် တရုတ်နိုင်ငံက ယခုအကျပ်အတည်းအတွင်း မြန်မာနိုင်ငံ၏ လက်ရှိအစိုးရကိုလည်း ကျောထောက်နောက်ခံ ပြုပေးခဲ့သည်။

တရုတ်နိုင်ငံက တင်ပြသော အစီအစဉ်တွင် ဒေသခံများ ထပ်မံပြောင်းရွှေ့ရခြင်း မရှိအောင် ရခိုင်ပြည်နယ်၌ အပစ်အခတ်ရပ်စဲရေး တစ်ရပ်ဖြင့် စတင်ထားသည်။

ယင်းနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဒုက္ခသည်များကို ပြန်လည်လက်ခံရန်ကိစ္စနှင့် ပတ်သက်၍ ကနဦး သဘောတူညီချက် တစ်ရပ် ရရှိခဲ့ပြီးနောက် ဖြစ်နိုင်ဖွယ်ဖြေရှင်းမှု တစ်ရပ်ကို ရှာဖွေရန် နှစ်နိုင်ငံအကြား ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရေးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အား နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းအားပေးရန် တောင်းဆိုထားမှု ပါဝင်သည်။

နောက်ဆုံးအဆင့်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးကို အဓိကထားလျက် ရေရှည်ဖြေရှင်းမှု တစ်ရပ် ရှာဖွေရန် ဖြစ်သည်။

“ဒီအဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တွေက အတည်ပြုခဲ့ပါတယ်။ မနေ့က မြန်မာခေါင်းဆောင်တွေဆီကနေလည်း အတည်ပြုချက် ရရှိခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုကန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ အဆိုပြုချက်ဟာ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရာမှာ အထောက်အကူပြုရုံသာမက ပိုပြီး အရေးကြီးတဲ့ အချက်ဖြစ်တဲ့ အကြောင်းအရာကို အခြေခံကျကျ ကိုင်တွယ်နိုင်ရေးအတွက်လည်း အကျိုးဖြစ်ထွန်းစေပါတယ်” ဟု လုကန်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ဒုက္ခသည်များကို ပြန်လည်လက်ခံမှု စတင်ရန်အတွက် သဘောတရားအရ သဘောတူထားပြီး ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် အာရှနှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ရပ်ကို တက်ရောက်နေသဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံ၌ ရှိနေဆဲဖြစ်သည်။