အမှန်တကယ်ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေသည့် ဖုန်းအသုံးပြုခများနှင့် ပတ်သက်ပြီး MPT, Telenor, Ooredoo စသည့် ဖုန်းအော်ပရေတာများကို စိစစ်နေ

တာမွေမြို့နယ်ရှိ မှတ်တိုင်တစ်ခုတွင် မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်

ဖုန်းအသုံးပြုခ ဖြတ်တောက်ရာတွင် အမှန်တကယ် ကျသင့်သည်ထက် ပိုမိုကျသင့်ဖြတ်တောက်နေမှုများနှင့် ပတ်သက်ပြီး MPT, Telenor, Ooredoo စသည့် သက်ဆိုင်ရာ ဖုန်းအော်ပရေတာများကို စိစစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၂၀ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး ပဉ္စပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းဆက်သွယ်ရေးကဏ္ဍ၌ တရားဝင်လာရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် ကုမ္ပဏီအချို့သည် သုံးစွဲမှုအတွက် ဖုန်းအသုံးပြုခဖြတ်တောက်သည့် ကိစ္စရပ်များ၌ အမှန်တကယ်ကျသင့်သည်ထက် ပိုမိုကျသင့်ဖြတ်တောက်နေခြင်းများကို သုံးစွဲသူပြည်သူများ မကြာခဏကြုံတွေ့နေရာ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စိစစ်အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ၊ မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်းအား ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဖုန်းအော်ပရေတာအနေနဲ့ MPT, Telenor, Ooredoo ဆိုပြီး လတ်တလောမှာသုံးခုနဲ့ နောက်ထပ်လိုင်စင်ရရှိထားတဲ့ တစ်ဦးနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ MPT သုံးစွဲသူတွေကို တယ်လီဖုန်းအသုံးပြုခများ အမှန်တကယ်သုံးစွဲမှုထက် ကျသင့်ငွေ ပိုမိုဖြတ်တောက်နေခြင်း တင်ပြမှုများကို စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ MPT အနေနဲ့ အမှန်တကယ်သုံးစွဲမှုထက် ကျသင့်ငွေ ပိုမိုဖြတ်တောက်ခြင်းများ စိစစ်တွေ့ရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျသင့်ငွေထက် ပိုမိုဖြတ်တောက်ထားသော အသုံးပြုခများကို သုံးစွဲသူများထံ ပြန်လည်ထည့်သွင်းပေးရန် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် မိမိတယ်လီဖုန်းအတွင်းမှာ Background, Downloading, News update and Software update များ Auto update နဲ့ Download များ ထည့်သွင်းအသုံးပြုထားခြင်းကြောင့် ငွေကြေးဖြတ်တောက်ခြင်းများ ရှိနေကြောင်းလည်း တွေ့ရှိရပါတယ်။ သုံးစွဲသူများအား အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခြားသော အော်ပရေတာများဖြစ်တဲ့ Telenor, Ooredoo တို့ကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှနေပြီး ၎င်းတို့နဲ့ချုပ်ဆိုထားတဲ့ စာချုပ်များနဲ့ပါစိစစ်ပြီးတော့ ကျသင့်တာထက် ပိုမိုဖြတ်တောက်ခြင်းများ ဆောင်ရွက်နေမှုများနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။