ခေတ်နောက်ကျနေသော ဖိနှိပ်ထားသည့် ဥပဒေများအစား ခေတ်ကာလနှင့် လျော်ညီသော ဥပဒေစည်းကမ်းများဖြစ်ရေး

ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ၌ ခေတ်နောက်ကျနေသော ဥပဒေစည်းကမ်းအချို့ကိုလည်း ပြုပြင်သင့်ပါသည်။ အချို့မှာ ခေတ်ကာလနှင့် လျော်ညီခြင်းမရှိသည့်အပြင် ပြည်သူလူထုအား ဖိနှိပ်သကဲ့သို့ဖြစ်နေနိုင်သည်ကိုလည်း သတိပြုရန်လိုပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၆ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ခေတ်နောက်ကျလျက်ရှိသော၊ ဖိနှိပ်ထားသောဥပဒေများကို ဆက်လက်အသုံးပြုနေခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ရာဇဝတ်မှုမြောက်စေပြီး နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများနှင့်လည်း ဆန့်ကျင်လျက်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံသားများကို ဆန့်ကျင်လျက်ရှိသော ဖိနှိပ်ထားသည့်ဥပဒေများကို ရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုလျက်ရှိသော်လည်း အစိုးရက ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း AAPP ၏အစီရင်ခံစာ၌ ရေးသားထားသည်။ ယင်းအစီရင်ခံစာ၌ ပြည်သူများက ဝေဖန်ခြင်းသည် ၎င်းတို့ရွေးကောက်ထားသော ကိုယ်စားလှယ်များကို ဒီမိုကရေစီစနစ်၏ ပြီးပြည့်စုံသော တစ်စိတ်တစ်ပိုင်းဖြစ်စေရန် ရည်ရွယ်ကြောင်း၊ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရများသည် ဝေဖန်မှုများကို သေချာစွာသုံးသပ်ရမည်ဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်နှင့် ထင်မြင်ယူဆခွင့်တို့အပါအဝင် နိုင်ငံသားများ၏ အခွင့်အရေးများကို လေးစားလိုက်နာခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ဒီမိုကရေစီအသိုင်းအဝိုင်းတန်ဖိုးကို လေးစားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အတူ အကျဉ်းသားများအား ချိုးဖောက်မှုဖြစ်စဉ်များနှင့် လုံလောက်မှုမရှိသော အကျဉ်းထောင်အခြေအနေများသည် အောက်တိုဘာလအတွင်းတွင်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါအခြင်းအရာများက အကျဉ်းထောင်များအတွင်း ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင်း အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် အလွန်လိုအပ်လျက်ရှိသည်ကို ပြသလျက်ရှိကြောင်း၊ ပို၍တင်းကျပ်ခြင်းအားဖြင့် ပြည်သူများသိရှိခြင်းမရှိသော အကျဉ်းထောင်များအတွင်း ဖြစ်ပွားလျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ အကျဉ်းသားများကိုကာကွယ်ရန် အလွန်လိုအပ်လျက်ရှိပြီး နိုင်ငံတကာဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုကို ပို၍ရှင်းလင်းသော နည်းဥပဒေများရှိရန်လည်း အလွန်လိုအပ်လျက်ရှိကြောင်း အစီရင်ခံစာတွင်ပါရှိသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် ဥပဒေသစ်ရေးဆွဲနေချိန်တွင် ဥပဒေပြုအမတ်များသည် ပြုပြင်ပြောင်းလဲရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမူဆက်ဆံမှုအနိမ့်ဆုံး စံချိန်စံညွှန်းများ (SMRs) ကို လမ်းညွှန်မှုတစ်ခုအဖြစ်ကြည့်သင့်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်တွင် နိုင်ငံသားအားလုံး၏ အခွင့်အရေးများကိုကာကွယ်ရန် ကူညီပေးမည့်ဥပဒေများဖွဲ့စည်းရာတွင် လမ်းညွှန်မှုပေးနိုင်သော နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) ကဲ့သို့ နိုင်ငံတကာ သဘောတူစာချုပ်များကိုလည်း ပို၍လိုက်နာသင့်ကြောင်း AAPP ၏ အစီရင်ခံစာတွင်ပါရှိသည်။

ထို့ကြောင့် ခေတ်နှင့်လျော်ညီခြင်းမရှိဘဲ ပြည်သူလူထုအား ဖိနှိပ်သကဲ့သို့ဖြစ်နေသည့် ဥပဒေသတ်မှတ်ချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ခုခုဖြင့် အရေးယူခံရခြင်း သို့မဟုတ် စွပ်စွဲခံရသူများအဖြစ် ဥပဒေပါအတိုင်း ရင်ဆိုင်နေရသူများအနေဖြင့်လည်းကောင်း အပြစ်ရှိသည်ဟု တစ်စုံတစ်ရာအမိန့်မချခင် ကြိုတင်၍ အပြစ်ပေးခံရသကဲ့သို့ရှိနေခြင်းများအတွက် သတိပြုဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ (၂၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်