ပုဂံတွင် စေတီပုထိုးများနှင့် ပတ်သက်၍ ကုသိုလ်ရှင်များ၏ လှူဒါန်းဆောင်ရွက်မှုများကို ရှေးဟောင်းဌာနစိစစ်ပြီးမှ ခွင့်ပြုကြောင်း သိရ

ရောင်တော်ဖွင့်ထားသည့် ပြသာဒ်ကြီးဘုရားမှ ဆင်းတုတော်ကို နိုဝင်ဘာ ၂၀ ရက်က ဖူးတွေ့ရစဉ်နှင့် ရွှေကျောင်းဆရာတော် အလှူမှတ်တမ်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စေတီပုထိုးသာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ကုသိုလ်ရှင်များ၏ လှူဒါန်းဆောင်ရွက်မှုများကို ရှေးဟောင်းသုတေသနဌာန၊ ထိန်းသိမ်းရေးအဖွဲ့မှ စိစစ်ပြီးမှသာ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရကြောင်း ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

လတ်တလော အင်တာနက်လူမှုကွန်ရက်ပေါ်တွင် အနုပညာရှင်တစ်ဦး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ပြသာဒ်ကြီးဘုရားတွင် ဆင်းတုတော်အား ရောင်တော်ဖွင့် လှူဒါန်းခြင်းနှင့်ပတ်သက်၍ ဝေဖန်သံများ ထွက်ပေါ်လာရာ ရှေးဟောင်းသုတေသနဌာန၊ ထိန်းသိမ်းရေးအဖွဲ့ကစိစစ်၍ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“ထိန်းသိမ်းရေးအဖွဲ့က စိစစ်ပြီးတော့မှ ထိခိုက်မှုမရှိတာမျိုး ခွင့်ပြုတာပါ။ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်မယ်ဆိုရင် ခွင့်မပြုပါဘူး။ ဆိုကြပါစို့ ဆင်းတုတော်ကြီးမရှိလို့ ဆင်းတုတော်ကြီးတစ်ဆူ လှူချင်ပါတယ်ဆိုရင် ကျွန်တော်တို့က အများကြီးစဉ်းစားရတယ်။ ဆင်းတုတော်ကြီး ရှိသင့်တယ်ဆိုရင်တောင် ပုဂံခေတ်လက်ရာမဟုတ်ဘဲ ရတနာပုံခေတ် ကုန်းဘောင်ခေတ်လက်ရာေတွေဖြစ်နေရင် ဘယ်လိုမှမသင့်တော်ဘူး။ ဒီလိုမျိုး ကျွန်တော်တို့က စဉ်းစားရပါတယ်” ဟု ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ပြသာဒ်ကြီးက ၂၀၀၀ ပြည့်နှစ်လောက်က စင်ကာပူက ရွှေကျောင်းဆရာတော်က ပြန်လည်ပြုပြင်လှူဒါန်းထားတာ။ ရှေးဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ် ရွှေချမယ်ဆိုရင် လက်မခံပါဘူး။ ရောင်တော်ဖွင့်တာကိုတော့ မဖွင့်ပါနဲ့လို့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံမှာ တားဖို့မလွယ်ဘူး။ ကျန်တဲ့ဘုရားတွေလည်း ရောင်တော်ဖွင့်တာရှိတယ်။ ဌာနအနေနဲ့လုပ်တာလည်းရှိတယ်။ ဒီလိုလုပ်လို့ ကမ္ဘာ့အမွေအနှစ်ဝင်ရေး မထိခိုက်ပါဘူး။ ရွှေစည်းခုံ ဘုရားမှိန်နေတာ ရွှေမချပါနဲ့ ပြောလို့မရပါဘူး” ဟု ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပြသာဒ်ကြီးဘုရားကို ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စင်ကာပူနိုင်ငံ ရွှေဘုရားကျောင်းဂိုဏ်းချုပ် ဆရာတော်ရှီဖာဇာအိုနှင့် စင်ကာပူနိုင်ငံ ဗုဒ္ဓဘာသာဝင်များ စုပေါင်းလှူဒါန်းမှုဖြင့် ပြုပြင်မွမ်းမံခဲ့ကြောင်း သတင်းရရှိသည်။

“မှတ်မှတ်ရရ ၁၉၈၅ လောက် ပြသာဒ်ကြီးဘုရားက အုတ်ကုန်းကြီး။ နောက်မှပြုပြင်မွမ်းမံတာ။ ထူးခြားတဲ့ အုတ်စီလက်ရာတွေရှိတယ်။ ယူနက်စကိုအနေနဲ့က ခုလိုလှူဒါန်းတာမျိုးကိစ္စမရှိပါဘူး” ဟု ယူနက်စကိုဝင်ရောက်နိုင်ရေး ဒေသခံတစ်ဦးအနေဖြင့် ဆောင်ရွက်နေသည့် ညောင်ဦးမြို့မှ ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။