မူဂါဘီက ရာထူးမှနုတ်ထွက်ရန် သတ်မှတ်ချက်များအား သဘောတူခဲ့ဟု သတင်းရင်းမြစ်များက ပြောကြား

နိုဝင်ဘာ ၁၉ ရက်က ဟာရာရီတွင် သမ္မတမူဂါဘီ (ယာ)နှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်ဆင်နေသော လေတပ်ဦးစီးချုပ် ပီရန့်ရှီရီ (ဝဲ) (Photo: AFP)

ဇင်ဘာဘွေ အာဏာရှင်သမ္မတရော ဘတ်မူဂါဘီသည် ရာထူးမှနုတ်ထွက်ရန်အတွက် သတ်မှတ်ချက်များအား သဘောတူခဲ့ပြီး စာတစ်စောင်အား အကြမ်းရေးထားခဲ့ကြောင်း ရာထူးမှနုတ်ထွက်ရန် ညှိနှိုင်းမှုများနှင့် နီးစပ်သော တာဝန်ရှိသူ သတင်းရင်းမြစ်တစ်ဦးက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ မူဂါဘီက ၎င်းနှင့်၎င်း၏ဇနီး ဂရေ့စ်မူဂါဘီတို့အား တရားစွဲဆိုမှုမှ အပြည့်အဝကင်းလွတ်ခွင့်ပေးရန်၊ ၎င်းပိုင်ဆိုင်မှုများအား ဆက်လက်ထိန်းသိမ်းခွင့်ပြုရန် အပါအဝင် တောင်းဆိုချက်များစွာကို ဗိုလ်ချုပ်များက ခွင့်ပြုခဲ့သည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သော ရုပ်သံမိန့်ခွန်း၏ ရည်ရွယ်ချက်မှာ ရာထူးမှနုတ်ထွက်ရန် တင်းခံနေသော မူဂါဘီက စစ်ဘက်၏ဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီကြောင်း ကြေညာပေးရန်ဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ သို့သော် တရားဝင် ရာထူးမှနုတ်ထွက်ရန်အတွက် မူဂါဘီ၏နုတ်ထွက်စာအား ပါလီမန်ဥက္ကဋ္ဌထံ ဦးစွာတင်သွင်းရမည်ဟုလည်း ယင်းသတင်းရင်းမြစ်က ဆိုသည်။

မူဂါဘီက သူသည် ရာထူးမှနုတ်ထွက်ရလျှင် နိုင်ငံပိုင် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု၌ ပြောကြားရန် ငြင်းဆန်ခဲ့သဖြင့် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံအား အံ့အားသင့်စေခဲ့သည်။ စစ်ဘက်က နိုင်ငံအားထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ်ကျခံနေရသော မူဂါဘီအား ၎င်း၏အာဏာရပါတီ ZANU-PF က ၂၄ နာရီအတွင်း ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခံရမည်ဟု သတိပေးခဲ့သည်။ သို့သော် ဇင်ဘာဘွေအများစုက ၎င်းတို့၏တစ်ဦးတည်းသော ခေါင်းဆောင်ဟုသိထားကြသော မူဂါဘီအား စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းရန် နိုဝင်ဘာ ၂၁ ရက်တွင် ပြန်လည်စတင်မည့် ဇင်ဘာဘွေပါလီမန်၏ လွှတ်တော်နှစ်ရပ်စလုံး၌ ထောက်ခံမဲ သုံးပုံနှစ်ပုံအထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ZANU-PF ပါတီသည် နိုဝင်ဘာ ၁၉ ရက်တွင် မူဂါဘီအား ရာထူးမှထုတ်ပယ်ခဲ့ပြီး ဒုတိယသမ္မတဟောင်း အမ်မာဆန်အမ်နန်ဂါဂွာအား အစားထိုးခန့်အပ်ခဲ့သည်။ မည်သည့်သဘောတူညီချက်တွင်မဆို မူဂါဘီရာထူးမှထွက်ခွာလျှင် ကြားဖြတ်သမ္မတအား ရွေးချယ်ရမည်ဖြစ်သည်။ အမ်နန်ဂါဂွာသည် ဒီဇင်ဘာတွင် ZANU-PF ပါတီခေါင်းဆောင်ရွေးချယ်ပွဲ၌ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရနိုင်ခြေရှိသဖြင့် လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ သမ္မတနေရာအတွက် ယှဉ်ပြိုင်နိုင်ရန် လမ်းပွင့်စေမည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့ကြသည်။

နိုဝင်ဘာ ၁၉ ရက်က တောင်ရောက် မြောက်ရောက် ပြောကြားခဲ့သည့် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သော မိန့်ခွန်း၌ မူဂါဘီက သူသည်ရာထူးမှနုတ်ထွက်မည် မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ပြီးခဲ့သောသီတင်းပတ်တွင် ဇင်ဘာဘွေစစ်တပ်၏လုပ်ရပ်သည် နိုင်ငံထဲနှင့်ပါတီတွင်းရှိ ရေးရာများအား ၎င်းတို့၏ရှုမြင်မှုများကို အခြေခံ၍စိုးရိမ်မှုများကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု မူဂါဘီက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

Ref: CNN/AFP