တိုင်းရင်းရိုးရာကုထုံးများကို အာနိသင်ရှိသည့် ဆေးဝါးများအပေါ်အခြေခံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်မှာ အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

မြန်မာ့တိုင်းရင်းဆေးကုထုံးများကို တိုင်းရင်းရိုးရာကုထုံးများနှင့် အာနိသင်ရှိသည့် ဆေးဝါးများပေါ် အခြေခံ၍သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်မှာ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၂၀ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သော “မဲခေါင်ဒေသတွင်း နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးဖွင့်ပွဲအခမ်းအနား” တွင်ပြောကြားသည်။

“သုတေသနဆိုတာ ဓာတ်ခွဲခန်းထဲမှာပဲ လုပ်ဆောင်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ တိကျခိုင်မာတဲ့ အထောက်အထားတွေကနေတစ်ဆင့် ရှာဖွေဖော်ထုတ်ဖို့ဆိုလိုခြင်း ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာ တစ်ခုကကုထုံးဆိုင်ရာ အထောက်အထားမှတ်တမ်းတွေ ထားရှိဖို့ဖြစ်တယ်။ ကျိုးကြောင်းဆီလျော်တဲ့ ကုထုံးတွေကို မှတ်တမ်းထားရှိရမယ်။ ဒီမှတ်တမ်းတွေကို စနစ်တကျအထောက်အထား ခိုင်ခိုင်မာမာထားရှိခြင်းဟာလည်း သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တိုင်းရင်းဆေးပညာရပ်သည် အလွန်ပင်ကျယ်ဝန်းနက်ရှိုင်းပြီး အာဖရိက၊ အာရှ၊ လက်တင်အမေရိကတို့တွင် တိုင်းရင်းဆေးများသည် အလွယ်တကူရရှိနိုင်ခြင်း၊ ဈေးသက်သာခြင်း အစရှိသည်တို့ကြောင့် အသုံးများသည်ကို သိရကြောင်း ၎င်းက ပြောကြားသည်။

တိုင်းရင်းဆေးပညာရပ်သည် အခြေခံတိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများ၊ ကုထုံးများ၊ ထိရောက်ပြီး အာနိသင်ရှိသည့် ဆေးဝါးဖော်စပ်မှုများအပေါ်တွင် အခြေခံထားသည့် ပညာရပ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်များတွင် နေထိုင်ကြသည့် လူသန်းပေါင်းများစွာသည် ရိုးရာဆေးများ၊ ရိုးရာကုထုံးများ၊ ရိုးရာဆေးပညာရှင်များကို မှီခိုအားထားနေကြကြောင်း ၎င်းက ပြောကြားသည်။

ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးပညာရပ်သည် သမိုင်းအစဉ်အလာကြီးမားပြီး တိုင်းရင်းဆေးသမားတော်ကြီးများ၏ ကုသမှုစွမ်းရည်နှင့် ဆေးဝါးများကို ပြည်သူလူထုက ယုံကြည်အားကိုးအားထား ပြုနေကြကြောင်း၊ ထို့ကြောင့် ကျိုးကြောင်းဆီလျော်ပြီး သိပ္ပံနည်းကျ ဆေးပညာအသုံးပြုနိုင်ရန် ကုထုံးများကို လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

အချို့တိမ်မြုပ်ကွယ်နေသော တိုင်းရင်းဆေးကုထုံးများကို ဖော်ထုတ်ရန်နှင့် အဖိုးတန် တိုင်းရင်းဆေးပညာရပ်များကို ထိန်းသိမ်းရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

(၈) ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး နိုဝင်ဘာ ၂၁ မှ ၂၄ ရက်အထိ တပ်မတော်ခန်းမတွင် ဝင်ကြေးအခမဲ့အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေး ရည်ရွယ်ချက်အနေဖြင့် မဲခေါင်ဒေသဆိုင်ရာနိုင်ငံများအကြား တိုင်းရင်းဆေးအသုံးပြုမှုအပေါ် သတင်းအချက်အလက်များမျှဝေရန်၊ သုတေသနလုပ်ငန်းများနှင့် တိုင်းရင်းသားရိုးရာ၊ ရှေးရိုးရာဆေးပညာရပ်များ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန်နှင့် ရိုးရာတိုင်းရင်းပညာဗဟုသုတနှင့် ဆေးဘက်ဆိုင်ရာ သယံဇာတပစ္စည်းများ၏ မျိုးရိုးဗီဇနှင့် ပတ်သက်သော အကျိုးတူပူးပေါင်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရန်တို့ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။