စစ်တစ်ပွဲတော့ မနွှဲစေချင်

Photo- Tayvan Drama

ငယ်ငယ်တုန်းက ရွာမှာ အဆိုတော် တွံတေးသိန်းတန်ရဲ့သီချင်းတွေ ဖွင့်တဲ့အထဲမှာ စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူးကွယ် ဆိုတာလေး ကြားဖူးခဲ့ပါတယ်။ နာမည်တော့ မသိဘူးပေါ့လေ။ သူ့ ဆိုလိုရင်းက စစ်ပွဲတစ်ရာ နွှဲလည်း သူမမှုဘူးလို့ တင်စားတာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းကတော့ စစ်ဆိုတာ သိပ်လည်းမကြုံဘူးတော့ စစ်ပွဲရဲ့ အကျိုးဆက်တွေလည်း သေချာမသိခဲ့ရပါဘူး။ အခုတော့ စစ်ပွဲတွေဆိုတာ တိုင်းပြည်မှာ ရှိလာတော့ သီချင်းထဲကလို စစ်ပွဲတစ်ရာ မပြောနဲ့ စစ်ဆိုတာကို မကြားချင်အောင် ဖြစ်နေကြရပါပြီ။

စစ်ဖြစ်ပြီဆို စစ်ဘေးက ရှောင်ကြ တိမ်းကြနဲ့ တိုက်ပွဲလမ်းကြောင်းရှိရင် ကိုယ့်မြို့ရွာ ဒေသတွေကနေ ပြေးကြရပြန်တယ်။ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်ကြလို့ မီးလောင်မယ်၊ ပေါက်ကွဲမယ်၊ ဒဏ်ရာရကြမယ်ဆိုရင် ကိုယ့်ဒေသကို ဘယ်လောက်ချစ်ချစ် ဘေးလွတ်အောင် ပြေးကြရတယ်။

သားသမီးတွေနဲ့ မိဘတွေ ကွဲကြရတယ်။ အဖေအမေတွေ ပျောက်ဆုံးလို့ မိဘမဲ့ ဖြစ်နေတဲ့ ကလေးတွေလည်း စစ်ရှောင်စခန်းကို ရောက်လာပါတယ်။ အစားအစာ၊ သောက်ရေ၊ ဆေးဝါးအကူအညီတွေကို အလှူရှင်တွေ ပံ့ပိုးသမျှနဲ့ပဲ လောက်ငအောင် နေထိုင် စားသောက်ကြရပါတယ်။

စာသင်ခန်းထဲက ကလေးတွေရဲ့ ပညာရေးတွေလည်း အားလုံး တစ်ပိုင်းတစ်စစီ ဖြစ်ကုန်ကြလေရဲ့။

ကရင်ပြည်နယ်က မြိုင်ကြီးငူ စစ်ရှောင်စခန်းကို၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ မမျှော်လင့်ဘဲ ရောက်သွားခဲ့ပါသေးတယ်။ မူလစစ်ရှောင်စခန်းက လူများလို့ နေရာထိုင်ခင်း မဆံ့တော့တဲ့အတွက် မြိုင်ကြီးငူဆရာတော်ကျောင်းပေါ်မှာ နေရာချထား ပေးထားကြပါတယ်။ စခန်းနှစ်ခုပေါင်း လူက ၅၀၀၀ ကျော် လောက်ရှိတဲ့အတွက်လည်း ဆန်ရှားပါးမှု ကြုံနေကြတယ်လို့ ဆိုပါတယ်။ သက်သတ်လွတ် ဟင်းတွေအတွက် ဟင်းသီးဟင်းရွက်တွေ လှူထားတာလည်း တွေ့ခဲ့ပါတယ်။ ဒီစခန်းက ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတော့ အမိုးအကာအတွက် ပူစရာ မလိုပါဘူး။

မူလစခန်းကြီးမှာတော့ တဲငယ်လေးတွေကို စီတန်းပြီး ဆောက်ထားပေးပါတယ်။ ကလေးတွေကိုတော့ စစ်ရှောင်လာတဲ့ ဆရာတွေ၊ ဆရာမတွေက အဆောင်တစ်ခုမှာ စုဝေး စာသင်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။ စစ်ပွဲတွေ ရပ်သွားပေမယ့် ကိုယ့်ဒေသကို ပြန်ဖို့လည်း မလွယ်သေးတဲ့ အခြေအနေ ကြုံနေကြရပြန်ပါတယ်။ စစ်ပွဲကာလမှာ မြေပြင်မှာ ထောင်ထားတဲ့ မိုင်းတွေကြောင့် လယ်ယာ လုပ်ကိုင်စားဖို့ ဒုက္ခရောက်နေကြတာပါပဲ။

စခန်းကြီးက ဆရာ၊ ဆရာမတွေကို အကျိုးအကြောင်း ပြောပြ၊ အကူအညီတောင်းပြီး ကလေး၊ လူကြီး အားလုံးကို သွားနဲ့ခံတွင်း ကျန်းမာရေးကုသမှုလည်း နိုင်သလောက် လုပ်ပေးခဲ့ပါတယ်။ ဆောင်းရာသီမှာ စစ်ဘေးရှောင် ကလေးငယ်အတွက် လိုအပ်နေတဲ့ အနွေးထည်နဲ့ စောင်တွေကို လှူဒါန်းပေးခဲ့ပါတယ်။ မနက်တိုင်းမှာ သူနာပြုဆရာမတွေ လူနာတင်ကားတစ်စီးနဲ့ လှည့်ပတ်ပြီး ကြည့်ရှုနေတာ တွေ့ခဲ့တော့ ကျန်းမာရေးအတွက် ဝမ်းသာမိပါတယ်။ ဘယ်တော့များမှ သူတို့ရဲ့ ဇာတိမြေကို အေးအေးချမ်းချမ်း ပြန်ရောက်နိုင်ကြမှာပါလိမ့်လို့ တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။

စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားပေါင်းများစွာ ကြည့်ဖူးခဲ့ပါတယ်။ The City of Life and Death ဆိုတဲ့ ဇာတ်ကားကြီးကတော့ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင် ဖြစ်ရပ်မှန်တွေကို ရိုက်ထားတာပါ။ ၁၉၃၇ ခုနှစ်မှာ ဂျပန်တွေက တရုတ်နိုင်ငံ နန်ကင်းမြို့ကို သိမ်းပိုက်လိုက်ပါတယ်။ မြို့ထဲ ဝင်စီးပြီးတဲ့နောက်မှာ လက်နက်ချသူ တရုတ်စစ်သည်တွေကို ပင်လယ်ကမ်းစပ်အနီးမှာ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ကြပါတယ်။ တချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းထားပြီး အိမ်ထဲမှာ အလုံပိတ်ကာ မီးရှို့သတ်ဖြတ်ကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အမျိုးသမီးတွေကို မစ်ဂျန်က ဦးဆောင်ပြီး ဂျာမန်သာသနာပြု ဘုန်းတော်ကြီး မစ်စတာရာဘီရဲ့ ဘုရားကျောင်းမှာ ခိုလှုံနေစေပါတယ်။

စစ်နိုင်ဂျပန်တွေဟာ လက်နက်ချသူတွေကို သတ်ဖြတ်ပြီးတဲ့နောက်မှာ အမျိုးသမီးတွေကိုလည်း ဖမ်းဆီးမုဒိမ်းကျင့်ကြပါတယ်။ ဒါကြောင့် မိန်းမတွေအကုန်လုံး ဆံပင်အတိုညှပ်ပြီး ယောကျ်ားလေးလို ဝတ်စား ပုန်းအောင်းကြရပါတယ်။ စားစရာတွေလည်း ရှားပါးပြီး ငတ်မွတ်တဲ့ဒုက္ခကိုလည်း ကြုံကြရပါတယ်။

ဂျာမနီနိုင်ငံအစိုးရဟာ ဂျပန်နိုင်ငံနဲ့ မဟာမိတ်လုပ်လိုက်တဲ့အတွက် ဂျာမန်ဘုန်းကြီးကို တရုတ်နိုင်ငံကနေ ပြန်ခေါ်ပါတယ်။ အကြောင်းကတော့ တရုတ်လူမျိုးတွေကို ကူညီနေလို့ပါပဲ။ ဘုန်းကြီးရဲ့ စကားပြန်လုပ်နေတဲ့ မစ်တာတန်ဟာ ဂျာမနီကို လိုက်ချင်တဲ့အတွက် ဂျပန်တွေနဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ ဘုရားကျောင်းမှာ လက်ခံဆေးကုပေးထားတဲ့ ဒဏ်ရာရ စစ်သည်တွေအကြောင်းကို ဖွင့်ပြောပြခဲ့ပါတယ်။ ဘုရားကျောင်းကို ဂျပန်တွေ ဝင်စီးပြီးတော့ လူနာစစ်သည်တွေ အားလုံးကို သတ်ပစ်လိုက်ပါတယ်။ ခိုကိုးရာမဲ့ အမျိုးသမီးတွေကိုလည်း တွေ့သွားခဲ့ပါတယ်။

စကားပြန် မစ်တာတန်ဟာ တရုတ်ပြည်ထွက်ခွင့် လက်မှတ်ကိုင်ပြီး အိမ်ပြန်လာချိန်မှာ လိုက်လာတဲ့ ဂျပန်စစ်သားတွေက သူ့မိန်းမကို အတင်းဆွဲကြပါတယ်။ သမီးလေးက အမေ့ကို ကူညီတဲ့အခါမှာ ဖမ်းပြီးတော့ ပြတင်းပေါက်ကနေ ပစ်ချလိုက်ပါတယ်။ သမီးလေး မရှုမလှ သေတာတွေ့တဲ့ အမေဖြစ်သူဟာ သတိလစ်သွားရာကနေ စိတ်ဖောက်သွားရှာပါတယ်။

ဘုရားကျောင်းမှာ အမျိုးသမီးတွေကိုတွေ့တော့ ဂျပန်စစ်ဗိုလ်က တောင်းဆိုပါတယ်။ နန်ကင်းကိုသိမ်းတဲ့ အောင်ပွဲအခမ်းအနားကျင်းပဖို့ မိန်းမတွေကို သုံးရက်ကြာ ဖျော်ဖြေပေးဖို့ပါပဲ။ လိုက်လျောရင် ရိက္ခာနဲ့ ဆေးဝါးအပြင် မီးလှုံဖို့ ကျောက်မီးသွေးတွေပါ ပေးမယ်လို့ ပြောလေရဲ့။ မလိုက်လျောရင်တော့ အကုန်သတ်မယ်လို့ စစ်ဗိုလ်က ကြိမ်းဝါးပါတယ်။ နောက်ဆုံးတော့ ဂျပန်တွေ ဖျော်ဖြေဖို့ ဆန္ဒပြုသူ အမျိုးသမီးလေးတွေဟာ ဂျပန်စခန်းမှာ အသုံးတော်ခံကြရပါတယ်။

ဂျပန်စစ်သားလေး ခဝါကိုဒါကတော့ လူတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေ၊ မုဒိမ်းကျင့်တဲ့ လုပ်ရပ်တွေကို စိတ်ပျက်လာပါတယ်။ အပြစ်မဲ့သူတွေကို တတ်နိုင်သမျှ ကူညီပေးတတ်ပါတယ်။ ဘုန်းကြီးပြန်ချိန်မှာ ဂျာမနီကိုလိုက်မယ့် စကားပြန်ကလည်း စိတ်ဖောက်သွားတဲ့ မိန်းမကို ရှာဖို့ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်စစ်ဗိုလ်က သတ်ပစ်လိုက်ပါတယ်။ ဘုန်းကြီးရဲ့ ကာကွယ်ပေးမှု မရှိလေတော့ ပုန်းအောင်းနေသူတွေကို ဘုရားကျောင်းထဲမှာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ယောကျ်ားတွေကို ကားတစ်စီးပေါ် တက်ခိုင်းပြီး ပစ်သတ်ဖို့ ကြိုးစားနေစဉ်မှာပဲ ဘုန်းကြီးရဲ့ လက်ထောက်ဖြစ်သူ ဝင်ရောက် ညှိနှိုင်း တောင်းဆိုပေးပါတယ်။ မိန်းမဖြစ်သူက မိသားစုဝင် ယောက်ျားတစ်ဦးကို ပြန်ခေါ်ခွင့်ပေးပါတယ်။ မစ်စ်ဂျန်ဟာ ရင်းနှီးသူ အမျိုးသားတစ်ဦးကို ခေါ်ဆောင်ကယ်တင်လာခဲ့ပါတယ်။

နောက်တစ်ကြိမ် ရုပ်ဖျက်ပြီး ကလေးတစ်ယောက်ကို ကယ်တင်ပါတယ်။ ကလေးဟာ ဖခင်ကို ကယ်ပေးဖို့ တောင်းပန်လို့ ခေါ်လာချိန်မှာ ဂျပန်စစ်ဗိုလ်က ဖမ်းမိပြီး စစ်သားတွေလက်ထဲ အပ်လိုက်ပါတယ်။

မစ်ဂျန်ရဲ့အဖြစ်ကို မြင်တွေ့ရတဲ့ ခဝါကိုဒါဟာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ မုဒိမ်းကျင့်ခံပြီး သေသွားရတဲ့ မိန်းမတွေလို ဘဝမျိုး မရောက်စေချင်လို့ပါပဲ။ မစ်ဂျန် ကယ်တင်ခဲ့တဲ့ သားအဖကိုလည်း ကြိုးနဲ့တုပ်ပြီး သတ်ဖို့ ဖမ်းခေါ်လာကြပါတယ်။ ဂျပန် စစ်သား ခဝါကိုဒါဟာ တာဝန်ကျရဲဘော်ကို ကြိုးဖြေခိုင်းပြီး သားအဖနှစ်ဦးကို လွှတ်ပေးခိုင်းလိုက်ပါတယ်။ သားအဖနှစ်ဦးကိုလည်း ပြေးခိုင်းပါတယ်။ ပြီးတော့ ဂျပန်ရဲဘော်ဘက်ကို လှည့်ပြီး စကားတစ်ခွန်း ပြောလိုက်ပါတယ်။

It's harder to live than to die.

လောကကြီးမှာ သေရတာထက် အသက်ရှင်ရတာ ပိုခက်ခဲတယ်ဆိုတဲ့ စကားလေး ပြောလိုက်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်လိုက်ပါတော့တယ်။

စစ်ရဲ့အနိဋ္ဌာရုံတွေက ဆိုးရွားရက်စက်လွန်းတာမို့ ဒီကမ္ဘာကြီးမှာ စစ်ပွဲတစ်ရာ မပြောနဲ့ စစ်ပွဲတစ်ပွဲတောင် မရှိစေချင်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် နားလည်မှုတွေ ကြိုးပမ်းတည်ဆောက်နိုင်ရင်တော့ ငြိမ်းချမ်းရေးခရီးဟာ မဝေးတော့ပါဘူး။ ယုံကြည်မှုတွေ၊ နားလည်မှုတွေနဲ့ တိုင်းရင်းသားအချင်းချင်း လက်တွဲနိုင်ကြရင် စစ်တစ်ပွဲလည်း တိုက်စရာမလိုတဲ့ အေးချမ်းတဲ့ဘဝကို မြင်တွေ့ရတော့မှာ အသေအချာပါပဲ။

စစ်ဘေးကင်းတဲ့ ဘဝကြီးကို တည်ဆောက်ကြပါစို့။