မြဝတီမြို့၌သောင်တင်နေသည့် မြန်မာလုပ်သား ၉၀ ကျော်အား ဝန်ဆောင်ခယူထားငွေနှင့် ကရုဏာကြေး ပြန်လည်ပေးအပ်

မြန်မာလုပ်သားများအား ဝန်ဆောင်ခယူထားငွေနှင့် ကရုဏာကြေးများကို ကုမ္ပဏီဘက်က ပြန်လည်ပေးအပ်စဉ်

တာ့ခ်ခရိုင် မဲဆောက်မြို့နယ် သောင်ရင်းကမ်းစပ်ရှိ တော့ဖောင်းအထည်ချုပ်စက်ရုံမှ ကိုယ်စားလှယ်က MoU စာချုပ်ဖောက်ဖျက်၍ မြဝတီမြို့၌သောင်တင်နေသည့် မြန်မာလုပ်သား ၉၀ ကျော်အား ဝန်ဆောင်ခယူထားငွေနှင့် ကရုဏာကြေးများကို ကုမ္ပဏီဘက်က ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သောင်ရင်း မြစ်ကမ်းစပ်ရှိတော့ဖောင်း အမျိုးသမီးဘော်လီချုပ်လုပ်ရေး လုပ်ငန်းစက်ရုံတွင်  MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့တွင် လေးလခန့် စောင့်ဆိုင်းနေခဲ့သော်လည်း လုပ်ငန်းခွင်သို့ ဝင်ခွင့်မရသည့်အတွက် မြန်မာလုပ်သား ၉၂ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀ စီနှင့် ၎င်းတို့၏ ပတ်စ်ပို့စာအုပ်များကို နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်က ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သည့် စတားရတနာကုမ္ပဏီမှ အထွေထွေ မန်နေဂျာဦးဝင်းကြိုင်က ဝန်ဆောင်ခအဖြစ် ၎င်းယူဆောင်ထားသော ကျပ် ၅၀၀၀၀၊  ရူဘီထားဝယ်ကုမ္ပဏီမှ ဝန်ဆောင်ခယူထားသော ကျပ် ၁၀၀၀၀၀ နှင့် ကရုဏာကြေး ကျပ် ၂၀၀၀၀၊ ထိုင်းကိုယ်စားလှယ်ဘက်မှ  (ဘတ် ၂၀၀၀) ကျပ် ၈၀၀၀၀ စုစုပေါင်း ကျပ် ၂၅၀၀၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၆ ရက်တွင် လုပ်သားပို့ဆောင်ရေးကုမ္ပဏီ၊ ထိုင်းနိုင်ငံဘက်မှ စက်ရုံကိုယ်စားလှယ်နှင့် အလုပ်သမားများစာချုပ်ချုပ် ဆိုခဲ့သော်လည်း ထိုင်းစက်ရုံကိုယ်စားလှယ်က စာချုပ်ဖောက်ဖျက်ကာ လုပ်သားလက်ခံခြင်း မရှိတော့သည့်အတွက် မြန်မာလုပ်သားများမှာ များစွာနစ်နာမှုရှိသည်ဟု ဆိုသည်။

“ကုမ္ပဏီကမခေါ်ပေမယ့် စာချုပ်ပြီး လေးပတ်အကြာ စက်ရုံသွားရမယ်ဆိုတော့ မြဝတီတက်လာပြီး အိမ်ငှားနေကာ စောင့်ဆိုင်းနေကြတာပါ။ စောင့်ဆိုင်းတာ လေးလပြည့်တော့မှာဆိုတော့ ဝန်ဆောင်ခပေးထားတဲ့ငွေတွေ ပြန်ရပေမယ့် စိတ်မချမ်းသာနိုင်ပါဘူး။ အိမ်လခ၊ စားစရိတ်တွေအပြင် ချေးလာတဲ့ငွေလည်း အတိုးတက်နေပါတယ်” ဟု  အမျိုးသမီးငယ်တစ်ဦးက ပြောကြားသည်။

မြန်မာလုပ်သားအများစုမှာ ကျေးရွာများတွင်နေထိုင်ပြီး လက်လုပ်လက်စားများ ဖြစ်ကြ၍ အများစုမှာ အတိုးဖြင့်ငွေချေးလာ ရသူများဖြစ်ကြောင်းလည်း အဆိုပါလုပ်သားများထံမှ သိရသည်။