ပုပ္ပားတောင်ကလပ်ဝန်းကျင်တွင် အဆောက်အအုံများဆောက်လုပ်ခွင့် ပိတ်ထား ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ် အနီးတစ်ဝိုက်တွင် မြေပြိုမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ  ပုပ္ပားတောင်ကလပ် အနီးတစ်ဝိုက်တွင်  မြေပြိုမှုများ ဖြစ်ပွားပြီးနောက် အဆောက်အအုံများ၊ ဆောက်လုပ်ခွင့် ပိတ်ပင်ထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။

ပုပ္ပားတောင်ကလပ် အောင်သိဒ္ဓိကုန်း အနီးတစ်ဝိုက်တွင်ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြေကြောပြတ်၍ မြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့သည့်အပြင်  အဆောက်အအုံအချို့၏ နံရံများ၊ ကြမ်းပြင်များလည်း အက်ကွဲမှု ဖြစ်ပေါ်ခဲ့သဖြင့် ပုပ္ပားတောင် ထိန်းသိမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာ ၂၄ ရက်က စတင်၍ ပုပ္ပားတောင်ကလပ် အနီးဝန်းကျင်ရှိ ကျေးရွာနှင့် အန္တရာယ်ရှိ နယ်မြေများမှ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများကို စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် စာရင်းကောက်ယူမှုများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မြေရွေ့တာတွေ ရပ်သွားပြီး တိုင်းတာတာတော့ တိုင်းတာနေတုန်းပေါ့၊ ဒါပေမဲ့ ကျွံသွားတဲ့နေရာတွေတော့ မပြင်ရသေးဘူး။ ဘူမိဗေဒပညာရှင်တွေက ခဏနေပါဦးပေါ့၊ မြေဖို့ရင် ပိုပြီးဆိုးမလားလို့ စောင့်ကြည့်နေတာ၊ အခုရပ်တော့ ရပ်သွားပြီ ရပ်သွားတော့ အခုဝန်ကြီးချုပ်ရဲ့ ညွှန့်ကြားချက် စောင့်နေတာပေါ့၊ စာရင်းကောက်တာကတော့ ကောက်ပြီး သွားပြီခင်ဗျ၊ အန္တရာယ်နယ်မြေ အက်ကွဲကြောင်း တစ်ဖက်တစ်ချက်မှာ အောက်ဆင်းသွားတဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတယ်။ အိမ်ခြေတွေရော၊ ဆိုင်ခန်းတွေရောပေါ့။ အဲဒီအတွင်းမှာတော့ လူဦးရေ ၄၀၀ ပတ်ဝန်းကျင်း လောက်နေတယ်။ သူတို့ကတော့ အန္တရာယ်ဇုန်ပေမယ့် ဒီနှစ်တော့ မဖြစ်တော့ဘူး။ မိုးလည်းမရွာတော့ဘူးဆို ဒီအတိုင်းထားမှာပါ။ သူတို့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ခုထိမတွေ့ရသေးတဲ့အတွက် အဲဒါတော့ မရွှေ့ပြောင်းပါဘူး။ မရွှေ့ပြောင်းဘူးလို့ ယူဆရတာပေါ့။ ဒါပေမဲ့ အဆောက်အအုံတွေ ဆောက်ခွင့်တော့ ပိတ်ထားတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကားတွေဆင်းတာတော့ မသွားခိုင်းသေးဘူး။ အန္တရာယ်ဖြစ်တဲ့ အနေအထားရောက်ပြီဆိုရင် လူတွေအိမ်တွေကို ရွှေ့ခိုင်းမှာပေါ့။ ဒီနှစ်ကတော့ ကျွန်တော်တို့ သုံးသပ်တာတော့ မဖြစ်လောက်တဲ့ အနေအထား ဖြစ်နေပါပြီ။ ဘူမိဗေဒပညာရှင်တွေ တစ်ခေါက် ပြန်လာဦးမယ်။ အဲဒီမှာ ပြင်ဆင်မှုတွေ၊ လမ်းတွေဘာတွေ ပြင်ဆင်ရမှာ” ဟု ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။

ပုပ္ပားတောင် ကလပ်ဒေသတွင် လတ်တလော ကာလအတွင်း မည်သည့်တည်ဆောက် ရေးလုပ်ငန်းမှ မပြုလုပ်ကြရန်နှင့် အရေးပေါ် အခြေအနေတွင် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာမှု မရှိစေရန် အစီအစဉ်များ ပြုလုပ်ထားသင့်ကြောင်းကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ညွှန်ကြားသွားကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ သိရသည်။

“ကျွန်တော်တို့ နောက်တစ်ပတ်အတွင်းမှာ ပုပ္ပားကိုလာမယ်။ လောလောဆယ် ဘူမိသိပ္ပံအသင်းမှာ အစည်းအဝေးထိုင်ပြီးတော့မှ ဒီဟာကို ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အချက်ပေါ့၊ ပုပ္ပားတောင် မြေပြိုတာကို လေ့လာဆန်းစစ်ဖို့ အဖွဲ့ကိစ္စအစည်းအဝေးရှိတယ်။ ပြီးတော့မှ ကျွန်တော်တို့ကဘာတွေ လုပ်ရမယ်ဆိုတာကို တိုင်းအစိုးရကို တင်ပြရမှာပေါ့။ အခုလုပ်တာက အပေါ်ယံလေးပဲ လုပ်ရသေးတယ်။ ဒီနေရာက အရေးကြီးတယ်။ ကျင်းတွေ ဘာတွေတူးရမယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့က ဝန်ကြီးချုပ်ကို တင်ပြဖို့ရာ လုပ်နေတယ်။ ဝန်ကြီးချုပ်ကလည်း အစိုးရအဖွဲ့ကို တင်ပြဖို့ရာ လုပ်နေတယ်။ အဓိက,က ဒီနေရာက သေချာလေ့လာဆန်းစစ်ဖို့ လိုတယ်။ အဲဒီနေရာတင် မဟုတ်ဘူး။ တောင်ကလပ်ဘေးဘုန်းကြီး ကျောင်းဘေးမှာလည်း မြေပြိုနေတာတွေရှိ တယ်လေ။ အဲဒါတွေကိုလည်း ကျွန်တော်တို့ကထပ်ပြီး လေ့လာပြီး ဘယ်လိုလုပ်ရမလဲ၊ လေ့လာဆန်းစစ်မှုတွေ လုပ်ပြီးတော့  REPORT တွေ ထုတ်ဖို့တော့ လုပ်ရမှာပေါ့” ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဘူမိပညာရှင် ဒေါက်တာစိုးမိုးကျော်က ဆိုသည်။