ပြီးခဲ့သည့်ဘဏ္ဍာနှစ်က အခွန်ရငွေမှာ ကျပ် ၇၁၂၂ ဘီလျံဖြင့် ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း အများဆုံး ရရှိခဲ့သော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုး နှစ်စဉ်ကျဆင်း

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်ရငွေမှာ ကျပ် ၇၁၂၂ ဘီလျံဖြင့် ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း အများဆုံး ရရှိခဲ့သော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးတွင် နှစ်စဉ်ကျဆင်းနေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၏ အခွန်ရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံဖြင့် အခွန်ရရှိမှု အနည်းဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၇၁၂၂ ဘီလျံဖြင့် အများဆုံးဖြစ်ခဲ့သည်။ နှစ်အလိုက် ဂျီဒီပီတွင် အခွန်ပါဝင်မှုအချိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကျဆင်းခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၌ အခွန်ပါဝင်မှုအချိုးမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

လက်ရှိအစိုးရ၏၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အခွန်ရရှိမှု တိုးတက်လာခြင်းမှာ အထူးကုန်စည်ခွန်နှင့် ဖုန်းခွန်များကြောင့်ဖြစ်ပြီး အထူးကုန်စည်ခွန်မှာ ကျပ် ၉၉၄ ဘီလျံနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုအခွန်မှာ ကျပ် ဘီလျံ ၅၃၀ အထိ ရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၏ ရငွေတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၁၇ ထရီလျံခန့်ဖြင့် အများဆုံးရရှိထားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၂ ထရီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၅ ထရီလျံအထိ ရရှိခဲ့ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၆၀၀၀ ကျော်ဖြင့် အနည်းဆုံးဖြစ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ရငွေကို ကျပ် ၆၄၈၁ ဘီလျံ ရရှိရန် ခန့်မှန်းထားပြီး ဝင်ငွေခွန်ကို ကျပ်၂၃၈၂ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ် ၁၇၅၂ ဘီလျံ၊ အထူးကုန်စည်ခွန်ကို ကျပ် ၆၈၇ ဘီလျံ၊ အကောက်ခွန်ကို ကျပ်ဘီလျံ ၄၉၀ နှင့် အခြားအခွန်အခများကို ကျပ် ၁၁၇၀ ဘီလျံအထိရရှိရန် မျှော်မှန်းထားသည်။ ပြည်ထောင်စု၏ရငွေအဖြစ် ကျပ် ၁၆ ဒသမ ၆ ထရီလျံ ခန့်မှန်းထားပြီး လိုငွေပမာဏမှာ လတ်တလောတွင် ကျပ်ဘီလျံ ၃၉၉၀ ကျော်ဖြစ်ကာ ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ် ဘီလျံ ၂၅၀၀ ကျော် တောင်းခံထားပြီး အခွန်နှင့် ဂျီဒီပီအချိုးတွင် ၇ ဒသမ ၁၀ အထိ လျော့ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ နှစ်စဉ်ကျဆင်းနေသည်။