ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်သို့ပြန်လာသူများ လက်ခံနေရာချထားရေး ယာယီစခန်းများ ဆောက်လုပ်မည့်နေရာများသို့ သွားရောက်ကြည့်ရှု

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်လာသူများကို  ပြန်လည်လက်ခံ နေရာချထားရေးအတွက် ယာယီစခန်းများ ဆောက်လုပ်မည့် နေရာများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တောင်ပြိုလက်ဝဲမြို့နှင့် ငါးခူရကျေးရွာများသို့ နိုဝင်ဘာ ၉ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါဝင်သော အဖွဲ့သည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ကျော်တွင် တောင်ပြိုမြို့သို့ ရောက်ရှိပြီး တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာမည့်သူများအား လွှဲပြောင်းလက်ခံရေး ယာယီစခန်းဆောက်လုပ်မည့် နယ်မြေစခန်းအတွင်းရှိ မြေနေရာများကို ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးခူရကျေးရွာသို့ သွားရောက်ကာ ပြန်လည်လက်ခံရေးအတွက် ယာယီစခန်းတည် ဆောက်မည့်မြေနေရာများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက ပြန်လည်လက်ခံနိုင်ရန်အတွက် စီစဉ်ထားပြီး ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူများအတွက် ငါးခူရကျေးရွာများအား ရွေးချယ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံသွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြန်လည်လက်ခံပါက လူဝင်မှုဆိုင်ရာ လုပ်ငန်းများ (National Verfication Card ထုတ်ပေးခြင်း၊ Biometric) မှတ်တမ်းပြုလုပ်ခြင်းစသည်) နှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်းများ၌ လက်ခံထားသောလူထုအား အဆိုပါစခန်းများ၌ တစ်ညနေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီးနေထိုင်ရေးနှင့် စားသောက်ရေးများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့နံနက်တွင် အဆိုပါ ပြန်လည်လက်ခံထားသောလူထုအား ဒါးကြီးစားကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဒါးကြီးစားကျေးရွာ၌ ယာယီနေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းခုံတိုင် (မြို) တိုင်းရင်းသားကျေးရွာသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကျေးရွာသားများနှင့် ကျေးရွာတည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခုံတိုင်(မြို)တိုင်းရင်းသားကျေးရွာကို သြဂုတ် ၂၈ ရက်က ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်သမားများ သတ်ဖြတ်သဖြင့် ကျေးရွာသားခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခုံတိုင် (မြို) ကျေးရွာကိုလည်း အောက်တိုဘာ ၁၆ ရက်က ပန္နက်ရိုက်ခဲ့ပြီး ပထမအဆင့်အနေဖြင့် နေအိမ် ၄၈ လုံး၊ ကျေးရွာအဝင်လမ်း၊ ကျေးရွာစုပေါင်းခန်းမဆောင်တို့ကို ပြန်လည်တည်ဆောက်ခြင်း စတင်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ပဒကားချောင်းအနောက်ဘက်ရှိ မြဝတီကျေးရွာရွှေ့ပြောင်းရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းမှတစ်ဆင့် သစ်တုန်းနားခွဆုံ (မြိုတိုင်းရင်းသားစု ပေါင်းကျေးရွာသစ် )  တည်ဆောက်မည့်နေရာနှင့်  အိုးထိန်း (ဟိန္ဒူ ) ရွာသစ်တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့က စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ  နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းကတည်းက မောင်တောမြို့နယ် ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး မောင်တောဒေသရှိ ရင့်မှည့်စပါးများ ရိတ်သိမ်းခြွေလှေ့ သိမ်းဆည်းထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။