ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရန် မောင်တောတောင်ပိုင်းကမ်းခြေတွင် လှေစောင့်ဆိုင်းနေသည့် ဘင်္ဂါလီ ၄၀၀၀ ကျော်ရှိနေ

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရန် လှေစောင့်ဆိုင်းနေသည့် ဘင်္ဂါလီများအား မောင်တောမြို့နယ်တောင်ပိုင်း ကမ်းခြေတစ်နေရာတွင် တွေ့ရစဉ်

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရန် မောင်တောတောင်ပိုင်းကမ်းခြေတွင် လှေစောင့်ဆိုင်းနေသည့် ဘင်္ဂါလီလေးထောင် ကျော်ရှိနေကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတည် ငြိမ်နေသည့်အချိန်ပင် တစ်ဖက်နိုင်ငံသို့ ရက်ဆက်ထွက်ခွာမှုများရှိနေကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်နံနက် ၃ နာရီတွင် မောင်တောမြို့နယ် အလယ်သံကျော် လေယာဉ်ပျံကွင်းကမ်းခြေ၌ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဘင်္ဂါလီ ၃၁၂၄ ဦး (ကျား ၁၂၃၅၊ မ ၁၈၈၉) အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ စက်လှေကိုးစင်းဖြင့် ၂၄၅ ဦး (ကျား ၁၁၂၊ မ ၁၃၃)ဦး ထွက်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်ကလည်း မောင်တောမြို့နယ် မိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာကြသည့် ဘင်္ဂါလီအမျိုးသား ၅၄၀၊ အမျိုးသမီး ၇၃၃ ဦး စုစုပေါင်းနေရပ်စွန့် ခွာဘင်္ဂါလီ ၁၂၇၃ ဦးအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဘင်္ဂါလီအမျိုးသား ၂၀၊ အမျိုး သမီး၂၅ ဦး စုစုပေါင်း ၄၅ ဦးတို့ စက်လှေနှစ်စင်းဖြင့် ထွက်ခွာသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်အတွင်းမှ ဘင်္ဂါလီများ မောင်တောမြို့နယ်တောင်ပိုင်း ကမ်းခြေသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီက မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာနှင့် နယ်စပ်ခြံစည်းရိုးကြား၌ နေရပ်စွန့်ခွာဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ ရဲမှူးမင်းဝင်းစိုး ဦးစီးအဖွဲ့က သွားရောက် စစ်ဆေးရာ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှ ၁၆၄ ဦး (ကျား ၆၃၊ မ ၁၀၁) နှင့် စိမ်းညှင်းပြားကျေးရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ ၈၈ ဦး (ကျား ၅၃၊ မ ၃၅) စုစုပေါင်းနေ ရပ်စွန့်ခွာဘင်္ဂါလီ ၂၅၂ ဦး (ကျား ၁၁၆၊ မ ၁၃၆) တို့အားတွေ့ရှိပြီး အကြမ်းဖက်ဖြစ် စဉ်ဖြစ်ပွားပြီးနောက် နေစရာ စားစရာအလုပ် အကိုင်အခက်အခဲရှိသဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် ထွက်ခွာလာခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် နေရပ်စွန့်ခွာဘင်္ဂါလီများသည် မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရ ချောင်းဝကင်းစခန်းကြားသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရ ချောင်းဝကြားပင်လယ်ကမ်းခြေ၌ ယခင်ရှိ ရင်းဘင်္ဂါလီ ၁၂၂၈ ဦး(ကျား ၅၂၀၊မ ၇၀၈) ဖြစ်ပြီး ဘင်္ဂါလီ ၂၅၂ ဦး(ကျား ၁၁၆၊ မ ၁၃၆)တို့ ထပ်မံရောက်ရှိလာသဖြင့် စုစုပေါင်း ဘင်္ဂါလီ ၁၄၈၀ (ကျား ၆၃၆၊ မ ၈၄၄) တို့ ရောက်ရှိနေကြောင်းနှင့် အလယ်သံကျော် လေယာဉ်ပျံကွင်းကမ်းခြေ၌ နေရပ်စွန့်ခွာ ဘင်္ဂါလီ၂၈၇၉ ဦး (ကျား ၁၂၀၃၊ မ ၁၆၇၆)ကျန်ရှိနေကြောင်း ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ကမ်းခြေသို့ ရောက်ရှိနေကြသည့် ဘင်္ဂါလီများကို သက်ဆိုင်ရာအဖွဲ့ အစည်းများက အစားအသောက်၊ ဆေးဝါးနှင့်လိုအပ်သည့် ထောက်ပံ့မှုများကိုပေးထားပြီး ၎င်းတို့ နေရပ်သို့ ပြန်ရန်ဖျောင်းဖျပြောဆိုသော်လည်း ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ရန် ဆန္ဒမရှိဟု ပြောဆိုကြကြောင်း သိရသည်။

အဆိုပါဘင်္ဂါလီများသည် တစ်ဖက်နိုင်ငံမှ ဆွေမျိုးများဖြင့် ဆက်သွယ်နေကြပြီး ၎င်းတို့ကို လာခေါ်မည့် စက်လှေများကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ၂ ရက်က မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသည့် နေရပ်စွန်ခွာ သဘင်္ဂါလီများထဲမှ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ရွာနေ အသက်၂၇ နှစ်အရွယ် မာမွတ်ရုက္ကူ၊ အသက်၂၂ နှစ်အရွယ် မာမွတ်ရောဖိ၊ အသက် ၁၃ နှစ်အရွယ် ဇူဘိုင်တို့သည် ပချီးယားတန်းကျေးရွာ ပုစွန်ကန်အနီး တောစပ်တွင် ငါးရှာနေသည့် မောင်တောမြို့နယ်တောင်ပိုင်း သရေကုန်းဘောင် ကျေးရွာသား ဦးလှသန်းမောင်နှင့် ပေါင်းအပါတချို့ကို ဓား၊ ရဲတင်းသည့် လက်နက်များဖြင့် တိုက်ခိုက်မှုကြောင့် ဦးလှသန်းမောင်တွင် ဒဏ်ရာများရရှိပြီး မောင်တောပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဦးလှသန်းမောင်ကို တိုက်ခိုက်ခဲ့သည် ဘင်္ဂါလီသုံးဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။