တောင်ငူ အဝေးသင်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦး ရေတာရှည်မြို့နယ် ရေလွှဲရေတံခွန်သို့ ပျော်ပွဲစားထွက်လာစဉ် ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူတက္ကသိုလ်မှ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁၁ ဦးတို့ နိုဝင်ဘာ ၈ ရက်က ရေတာရှည်မြို့နယ် အရှေ့ဘက် ရေလွှဲရေတံခွန်တွင် ပျော်ပွဲစားထွက်၍ ရေဆင်းကူးကြရာမှ ကျောင်းသားနှစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၉ ရက်၌ သေဆုံးနေသော အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါရေနစ်သေဆုံးသော အဝေးသင် တက္ကသိုလ်ကျောင်းသားနှစ်ဦးမှာ မောင်ညီညီလွင် (၂၃ နှစ်) (ဘ) ဦးတင်ဝင်း၊ ဒုတိယနှစ် (သမိုင်းဘာသာရပ်)၊ တောင်ငူအဝေးသင်တက္ကသိုလ်နှင့် မောင်သန့်ဇင် (၂၂ နှစ်) (ဘ)ဦးမြင့်ကျော်၊ ဒုတိယနှစ် (သမိုင်းဘာသာရပ်)၊ တောင်ငူအဝေးသင်တက္ကသိုလ်၊ ရေအိုးစင်ကျေးရွာ မုန်းမြို့ ကျောက်ကြီးမြို့နယ်နေသူတို့ဖြစ်ကြပြီး တောင်ငူတက္ကသိုလ်၌ အဝေးသင်စာမေးပွဲဖြေရန် တောင်ငူမြို့ (၂) ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် အငှားနေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

“နစ်တဲ့နေရာက ရေတံခွန်ဖြစ်နေတဲ့ ချောင်းဆိုတော့ ကျောက်တုံးကျောက်ဆောင်တွေများတယ်။ များတဲ့အခါကျတော့ ရေမျောမျောချင်းမှာပဲ သူတို့က အဲဒီအောက်နားလေးမှာ ကျောက်ဆောင်နှစ်ခုမှာကြားမှာ ညပ်နေတာ။ ကျွန်တော်တို့လည်း ရောက်သွားပြီး အခြေအနေကိုကြည့်လိုက်တော့ ဝါးလုံးနဲ့ပဲ ဟိုထိုးဒီထိုးရှာကြည့်ရတယ်။ ရှာကြည့်တော့မှ ကျောက်ကြားထဲမှာပဲ အလောင်းလို့ ယူဆရတဲ့အရာကို ထိုးမိတယ်။ အဲဒီအချိန်မှာ မိုးကချုပ်သွားရော။ ဒီမနက်ကျတော့မှ အဲဒီနေရာကို ဒီရေတံခွန် ဒီချောင်းနဲ့ရင်းနှီးတဲ့ ရွာသားတွေကို အကူအညီတောင်းပြီး ဝိုင်းရှာတော့ ကျောက်ကြားမှာ ညပ်နေတာတွေ့တာ။ အလောင်းနှစ်လောင်း အပေါ်ရောက်တာကတော့ ၁၀ နာရီမှာ ရောက်တယ်။ တွေ့တာကတော့ မနက် ၇ နာရီကျော်လောက်ကတည်းက ဒီဟာက အလောင်းပဲဆိုပြီးတော့ အတည်ပြုတာပေါ့။ တော်တော်ကို ခဲရာခဲဆစ် ထုတ်ရတယ်။ ထုတ်တဲ့လူတွေတောင် ထပ်ပြီးအန္တရာယ်ဖြစ်မှာကိုစိုးရိမ်ရတဲ့ အနေအထားရှိတယ်” ဟု ရေနစ်သေဆုံးသည့် အလောင်းများအား သွားရောက်ရှာဖွေခဲ့သည့် တာဝန်မှူး ရဲအုပ်လှမြင့်က နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်က မောင်ဘိုသိန်း (၂၄ နှစ်) (ဘ) ဦးပေါ်ဆန်း၊ တတိယနှစ် (ပထဝီဘာသာရပ်)တောင်ငူအဝေးသင်တက္ကသိုလ် ညောင်ပင်သာမြို့ ဖြူးမြို့နယ်နေသူ ဦးဆောင်သော တောင်ငူအဝေးသင် တက္ကသိုလ်ကျောင်းသား ၁၁ ဦးတို့ ရေတာရှည်မြို့မှ အရှေ့ဘက် ကိုးမိုင်ခန့်အကွာ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရေလွှဲကျေးရွာအနီး ရေလွှဲရေတံခွန်သို့ ပျော်ပွဲစားထွက်ခဲ့ကြောင်း၊ ပျော်ပွဲစားထွက်လာ၍ ရေတံခွန်တွင် ရေကစားနေကြစဉ် ညနေ ၄ နာရီခွဲခန့်၌ ရေနစ်သေဆုံးသွားသော မောင်ညီညီလွင်နှင့် မောင်သန့်ဇင်တို့နှစ်ဦးမှာ ရေတံခွန်ရေစီးသန်သဖြင့် ရေတံခွန်အတွင်း ရေနစ်ခဲ့ကြောင်း၊ ၎င်းတို့ ရေနစ်ပျောက်ဆုံးသည်ကို ရှာဖွေခဲ့သော်လည်း ညနေ ၆ နာရီအထိ ပြန်လည်တွေ့ရှိခြင်းမရှိကြောင်း၊ ရေနစ်ပျောက်ဆုံးရာနေရာသို့ ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာရာအိမ်မှူး၊ ရေကူးကျွမ်းကျင်သူများက ညဉ့်နက်ပိုင်းအထိ ရှာဖွေခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း၊ နိုဝင်ဘာ ၉ ရက် နံနက်အစောပိုင်း၌ ဒေသခံများ၏ အကူအညီဖြင့် ဆက်လက်ရှာဖွေခဲ့ရာ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် ရေတံခွန်အောက်ခြေအနီး ကျောက်တုံးများကြားမှ ညပ်လျက် သေဆုံးနေသော ကျောင်းသားများကို တွေ့ရှိခဲ့ရကြောင်း၊  ကျောက်တုံးကြားတွင်ညပ်၍ ရေနစ်သေဆုံးနေသော အလောင်းများအား နံနက် ၁၀ နာရီခန့်တွင် ကုန်းပေါ်သို့ပြန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ရေနစ်သေဆုံးမှုနှင့်ပတ်သက်ပြီး ရေတာရှည်မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၄/ ၂၀၁၇ ဖြင့် အမှုဖွင့်ကာ အလောင်းများအား ရေတာရှည်ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။