ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁၀ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံမည်

ရခိုင်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ငါးများကို သယ်ဆောင်လာစဉ်

ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁၀ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာညွန့်ဝေထံမှ သိရသည်။

“လုပ်တာကတော့ စီမံကိန်းလုပ်တာပေါ့၊ ဒိန်းမတ်-မြန်မာ ကမ်းထရီး ပရိုဂရမ်ပေါ့။ ပူးပေါင်းစီမံခန့်ခွဲမှု လုပ်ပေးသွားမှာ ဖြစ်တယ်။ ၂၀၁၄-၂၀၁၅ လောက်ကတည်းကစပြီး လုပ်နေတာပေါ့။ ဒိန်းမတ်နိုင်ငံကနေ ရခိုင်ကမ်းရိုးတန်းအတွက် ဒေါ်လာ ၁၀ သန်း ဝန်းကျင်ခန့်နဲ့ တနင်္သာရီကမ်းရိုးအတွက် ဒေါ်လာ ငါးသန်းခန့် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ တနင်္သာရီမှာ ငါးရွာ၊ ရခိုင်ပြည်နယ်မှာ သုံးရွာ၊ ကျေးရွာတွေမှာရှိတဲ့ အခြေခံရေလုပ်သားတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်တာ ဖြစ်တယ်။ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ရေလုပ်ငန်းပေါ့။ နောက်ပြီး မောင်တောဒေသဘက်က တိုင်းရင်းသားရွာ ၈၂ ရွာမှာလည်း ရေချိုငါးကန်တွေလည်း တူးဖော်ပေးသွားမှာ ဖြစ်တယ်။ ငါးမျိုးစိတ်တွေ ထည့်သွားမှာ ဖြစ်တယ်” ဟု ဒေါက်တာညွန့်ဝေက ပြောကြားသည်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ရဲ့ ငါးထုတ်လုပ်မှုဟာ မောင်တောပြဿနာဖြစ်ပွား ပြီးနောက်ပိုင်းမှာ ထက်ဝက်နီးပါး ကျဆင်းလာခဲ့ရပြီး ငါးထုတ်လုပ်မှု ပြန်လည်မြင့်တက်ဖို့အတွက် မောင်တောဒေသက ကျေးရွာများတွင်လည်း ငါးသားဖောက်စခန်းများနှင့် အသားတိုး ငါးများမွေးမြူနိုင်ရေးအတွက်လည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် ကန်းရိုးတန်း ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လုပ်မှာက စစ်တွေမှာ ကျေးတောပိတ်ဆိပ်နဲ့ သဲချောင်း၊ ကျောက်ဖြူ၊ ပြင်ဖြူမော်ရွာတွေမှာ လုပ်ဆောင်သွားမှာဖြစ်တယ်။ ရေလုပ်ငန်း လုပ်ဆောင်နေတဲ့ သူတွေရဲ့ အခက်အခဲတွေကို အဓိကထား ဖြေရှင်းပေးသွားဖို့ ရှိတယ်။ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ဆောင်မှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်ကနေ စတင်ခဲ့တာ ဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ၆ ရက်နေ့ကစပြီး ကနဦး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က လေးချက်ရှိတယ်။ ငါးလုပ်ငန်း ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ အတွင်းမှာ ကိုက်ညီတဲ့မူဘောင်တွေ ရေးဆွဲမယ်။ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေကို ငါးလုပ်ငန်းဦးစီးဌာနရယ်၊ ဒိန်းမတ်နိုင်ငံရယ်၊ ပြည်နယ်အစိုးရနဲ့ ဒေသခံအစုအဖွဲ့တွေနဲ့ အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ နောက်တစ်ချက်က ခရိုင်မြို့နယ်တွေက ငါးလုပ်ငန်း ဝန်ထမ်းတွေကို ပူးပေါင်းစီမံခန့်ခွဲမှုအတွက် နည်းပညာတွေ ထောက်ပံ့မယ်။ ကျေးရွာတွေက ရွာသားတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့လည်းရှိပါတယ်” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာညွန့်ဝေက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရေလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ပင်လယ်ပြင်သို့ သွားရောက်ပြီး ငါးဖမ်းခြင်းများ လုပ်ဆောင်ရာတွင် ပင်လယ်ပြင် လုံခြုံရေးအတွက်ကို စိုးရိမ်မှုများရှိနေကြောင်းနှင့် ယင်းကိစ္စရပ်များကိုလည်း အစိုးရအနေဖြင့် ထည့်တွက်စဉ်းစားသင့်ကြောင်း ဒေသခံရေလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရေလုပ်သားများအနေဖြင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပင်လယ်ပြင်သို့ သွားရောက်ကာ ငါးပုစွန်ဖမ်းဆီးခြင်းများ လုပ်ဆောင်မှုလျော့နည်းခဲ့ကြောင်း၊ ယင်းသို့ နည်းပါးလာခြင်းမှာလည်း ပင်လယ်ပြင်လုံခြုံရေးကိစ္စများကြောင့်သာဖြစ်ကြောင်း သိရသည်။