လားရှိုးမြို့တွင် တရုတ်ဘုံကျောင်းပေါ်မှ လူတစ်ဦး ခုန်ချမှုဖြစ်ပွား

Photo: လားရှိုးလူငယ်များလူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၅) ရှိ တရုတ်ဘုံကျောင်းအပေါ်ထပ်မှ လူတစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက် (၃)၊ ဗွီ ဘဏ်ရှေ့တွင် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်ကြည့်ရှုရေး တာဝန်ဆောင်ရွက်နေစဉ် လမ်းမတော်လမ်းအတိုင်း  မြို့တော်ခန်းမဘက်မှ မန္တလေးလမ်းဆုံဘက်သို့ အပေါ်ပိုင်း အဝတ်ဗလာ၊ အောက်ပိုင်း ပြောက်ကျားဘောင်းဘီရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မိမိဝဲလည်ပင်းအား ကိုယ်တိုင်ဓားဖြင့် ထောက်လျက် ဆိုင်ကယ်ကို မောင်းနှင်ပြီး ဘဏ်ရှေ့မှ ဖြတ်သန်းသွားသည်ကို တွေ့ရှိသဖြင့် ဆိုင်ကယ်နောက်သို့ လိုက်လံကြည့်ရှုခဲ့ရာ ဆိုက်ကယ်မှာ ရေကန်လမ်း - ခိုင်ရွှေဝါလမ်း - တရုတ်ဘုံကျောင်းလမ်းအတိုင်း မောင်းနှင်သွားသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသည် တရုတ်ဘုံကျောင်းအတွင်းသို့  ဝင်ရောက်ပြီး ဘုံကျောင်းအပေါ်ထပ်သို့ တက်ရောက်သွားခဲ့သဖြင့် ဘုံကျောင်းအတွင်း ရောက်ရှိလာသည့် အမှတ် (၃) နယ်မြေ ရဲကင်းမှူး၊ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များက ဘုံကျောင်းပေါ်မှ ပြန်ဆင်းရန် ဝိုင်းဝန်းဖျောင်းဖျနေစဉ် အဆိုပါ အမျိုးသားသည် ဘုံကျောင်းပေါ်မှ ခုန်ချခဲ့ကြောင်း သိရသည်။

ဘုံကျောင်းပေါ်မှ ခုန်ချသူသည် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ (၇) နေ လီကျီမြင့် (၅၀ နှစ်) ဖြစ်ပြီး ဘုံကျောင်းပေါ်မှ ခုန်ချမှုကြောင့် ယာနားထင်ပေါက်ပြဲ၊ နှားခေါင်း၊ ပါးစပ်သွေးထွက်၊ ဝဲပေါင်ကျိုးဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ရာ လားရှိုးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် ကုသလျက်ရှိပြီး ၎င်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။