တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများအား ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးနေခြင်းကို အမေရိကန်ဝေဖန်

၂၀၀၇ ခုနှစ် မေ ၇ ရက်က ဝါရှင်တန်ရှိ ကမ္ဘာ့ဘဏ်အဆောက်အအုံ အရှေ့ဘက်ခြမ်းအား ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ကြွယ်ဝနေပြီဖြစ်သော တရုတ်ကဲ့သို့ နိုင်ငံများအား ချေးငွေထုတ်ပေးနေပြီး အကူအညီ လိုအပ်နေသည့် ဆင်းရဲသောနိုင်ငံများကို ထိခိုက်စေနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာရေးရာ လက်ထောက်အတွင်းဝန် ဒေးဗစ်မာပတ်က ကမ္ဘာ့ဘဏ်သည် ယခုနှစ်တွင် တရုတ်ကို ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ချေးခဲ့ပြီး တရုတ်သည် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတွက် နမူနာတစ်ခုဖြစ်ကြောင်း ကိုးကားခဲ့သည်။

တရုတ်ကဲ့သို့နိုင်ငံများသည် စီးပွားရေး တိုးတက်လာပြီး ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိက ဘဏ္ဍာရေးအရင်းအမြစ်များကို ရရှိနိုင်စွမ်း ရှိလာသောကြောင့် ကမ္ဘာ့ဘဏ်သည် နိုင်ငံများအား တိုးတက်လာသော နိုင်ငံများအဖြစ် ပို၍သတ်မှတ်ရန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက တွန်းအားပေးသွားမည်ဟု ဒေးဗစ်မာပတ်က အောက်လွှတ်တော် ကော်မတီသို့ ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်မှစပြီး တိုးတက်သော နိုင်ငံများသည် ကမ္ဘာ့ဘဏ်ချေးငွေအားလုံး၏ ပျမ်းမျှရာခိုင်နှုန်း ၄၀ ကို ရရှိခဲ့ကြကြောင်း မာပတ်က ပြောကြားခဲ့သည်။ လောလောဆယ်တွင် နိုင်ငံ ၂၅ နိုင်ငံသည် တိုးတက်လာသည်ဟု သတ်မှတ်အဆင့် ဝင်ငွေအထက်၌ ရှိနေပြီး ခြောက်နိုင်ငံသည် တစ်နှစ်လျှင် တစ်ဦးချင်း နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၂၄၇၅ အထက်ရှိသောနိုင်ငံများဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်သည် တိုးတက်ရန် အသင့်ရှိသည့် နိုင်ငံများနှင့် ဆွေးနွေးမှု ဆောင်ရွက်ပြီး ၎င်းတို့ကို ချေးငွေပေးသည့် အစီအစဉ်မှ ဖယ်ထုတ်ရန် ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကိုလည်း ကိုယ်တိုင်လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း မာပတ်က ဆိုခဲ့သည်။ ချမ်းသာသော နိုင်ငံများသို့ ချေးငွေများ ထုတ်ပေးခြင်းက ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာ အရည်အသွေးကို တိုးတက်စေနိုင်ကြောင်း သို့သော်လည်း ကမ္ဘာ့ဘဏ်သည် ဆင်းရဲသောနိုင်ငံများအတွက် ကတိကဝတ်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းက သမ္မတ ဒေါ်နယ်ထရန့်၏ ဝါရင့်အကြံပေးဖြစ်ခဲ့သော မာပတ်က တရုတ်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နှေးကွေးနေခြင်းနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ စားသုံးသူ သုံးစွဲမှုမြှင့်တင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍတွင် စွန့်စားရင်းနှီးမှုများကို တရုတ်က ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်သည် တရုတ်၏ လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေမှုကို စိုးရိမ်ကြောင်း ၎င်းက ဆိုခဲ့သည်။

Ref: AFP