၂၀၁၈ ခုနှစ်တွင် အိန္ဒိယမှ ပဲပြန်လည်ဝယ်ယူရန် မသေချာခြင်း၊ ပြည်တွင်းဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် စိုက်ပျိုးစရိတ်အောက် ဈေးကျနိုင်သည့်အတွက် မတ်ပဲစိုက်တောင်သူများ အခြားဈေးကွက်ရှိသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် အသိပေး

ပခုက္ကူဒေသရှိ ပဲစိုက်တောင်သူများ လုပ်ငန်းခွင်ဝင်နေစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

၂၀၁၈ ခုနှစ်တွင် အိန္ဒိယမှ ပဲပြန်လည်ဝယ်ယူရန် မသေချာခြင်း၊ ပြည်တွင်းဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် စိုက်ပျိုးစရိတ်အောက် ဈေးကျနိုင်သည့်အတွက် မတ်ပဲစိုက်တောင်သူများ အခြားဈေးကွက်ရှိ သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံသို့ တာဝန်ရှိသူများ သွားရောက်သည့် ခရီးစဉ်တွင် သက်ဆိုင်ရာအိန္ဒိယ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနအကြီးအကဲများနှင့် ပဲစင်းငုံနှင့် မတ်ပဲတို့အား အိန္ဒိယနိုင်ငံမှ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်သည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရရှိချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)၊ အလုပ်အမှုဆောင်များ၏ နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သော အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ချက်အရ ယခုအကြံပြု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူများ အနေဖြင့် အထူးအလေးထား ချင့်ချိန်ရမည့် အချက်များမှာ ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယနိုင်ငံတွင် လွန်စွာအောင်မြင်သည့် စိုက်ပျိုးထွက်ရှိမှုကြောင့် စံချိန်တင်ပိုလျှံသည့် အနေအထားသို့ ရောက်ရှိကာ အိန္ဒိယတောင်သူများ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အစိုးရမှ ပဲသုံးမျိုး တင်သွင်းခွင့်အား ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ကန့်သတ်ခဲ့ခြင်း၊ ယင်းရက်မတိုင်မီ ကန့်သတ်ချက်ပြန်လည်ရုပ်သိမ်းရန် ခက်ခဲနိုင်မည့်အပြင် ၎င်းရက်ကျော်လွန်ပါက အိန္ဒိယအစိုးရတာဝန်ရှိသူများ၏ လက်ရှိမူဝါဒဖြစ်သော နှစ်ရှည် G to G စာချုပ်ချုပ်ဆိုခြင်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ခြင်းတို့ဖြစ်သည်။

ထို့ပြင် ယခင်နှစ်က အိန္ဒိယဘက်မှ ပေးပို့ခဲ့သည့် G to G MoU ပါ စာသည် အဓိပ္ပာယ် ကျယ်ဝန်းလှပြီး အရည်အသွေး၊ အရေအတွက်နှင့် ဈေးနှုန်းတို့မှာ လက်မှတ်ရေးထိုးရုံ ရည်ရွယ်လက်ခံလိုက်ပါက အငြင်းပွားစရာ ကိစ္စကြီးငယ်များ အချိန်မရွေး ပေါ်ပေါက်လာနိုင်၍ နှစ်ဖက်သဘောတူ အဆင့်အထိရောက်ရှိအောင် အချိန်ယူ ညှိနှိုင်းရမည့် အနေအထားတွင် ရှိနေခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပဲတင်သွင်းမှုတန် သတ်မှတ်ချက်မှာလည်း ကြိုတင်မှန်းဆနိုင်ရန် အခက်အခဲ ရှိနေခြင်းတို့ကြောင့် ၂၀၁၈ Crop ပဲစင်းငုံနှင့် မတ်ပဲများ ထွက်ပေါ်ချိန်တွင် အိန္ဒိယသို့တင်ပို့၍ မရသေးပါက ပုံမှန်ထွက်ရှိမည့်ပမာဏသည် ပြည်တွင်းကုန်သည်များ ဝယ်ယူသိုလှောင်နိုင်သည့် ပမာဏထက် လွန်စွာကျော်လွန်နေ၍ ဈေးနှုန်းများ စိုက်ပျိုးစရိတ်အောက် ကျဆင်းနိုင်သကဲ့သို့ ရောင်းလိုအားရှိသလောက် ဝယ်ယူနိုင်မှု အကန့်အသတ်ကြီးစွာ ဖြစ်ပေါ်လာမည်ဟု သုံးသပ်ထားကြောင်း သိရသည်။

ထို့ကြောင့် စိုက်ပျိုးတော့မည့် မတ်ပဲများအတွက် တောင်သူများအနေဖြင့် အထက်ပါ အကြောင်းအရာများကို အထူးအလေးထား ချင့်ချိန်တွက်ချက်ကာ အခြားဈေးကွက်ရှိ သီးနှံများကိုလည်း ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း၊ ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ တာဝန်ရှိသူများ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် သက်ဆိုင်ရာ အိန္ဒိယနိုင်ငံပြည်ထောင်စုဝန်ကြီး ဌာနအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးချက်များအရ သိရှိလာသည့် အချက်အလက်များအပေါ် အခြေခံ၍ ကြေညာထားခြင်းဖြစ်သည်။