ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပြီး သတိထားစောင့်ကြည့်ရန်လို

ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခုဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး (အထက်မြန်မာပြည်) ဦးကျော်လွင်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည့်အတိုင်း မလေးကျွန်းဆွယ်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တည်ရှိနေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အနီးပတ်ဝန်းကျင်နေရာသို့ ရောက်ရှိလာသည့် အနေအထား တွေ့ရကြောင်း၊ နိုဝင်ဘာ ၁၂ ရက်၊ ၁၃ ရက်မှစတင်ကာ မုန်တိုင်းငယ် အခြေအနေမျိုးရှိပြီး ပိုမိုအားကောင်းလာနိုင်သည့် အခြေအနေမျိုးကို ခန့်မှန်းတွေ့ရှိထားကြောင်း ဦးကျော်လွင်ဦးက ပြောကြားသည်။

“နိုဝင်ဘာ ၉ရက် နံနက်ပိုင်းအထိ တွေ့ရှိထားတဲ့ ခန့်မှန်းချက်တွေအရဆိုရင်တော့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ၊ အရှေ့ပိုင်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တွေမှာ မိုးရွာသွန်းမှု ပိုရဖို့ရှိတယ်။ စုစုပေါင်း နိုဝင်ဘာ ၁၀ ရက်ကနေပြီးတော့ နိုဝင်ဘာ ၁၇ ရက်အထိလောက် ကာလအတွင်းမှာ အဲဒီဒေသတွေ အတွင်းမှာ မိုးရေချိန် သုံးလက်မလောက်ကနေ ခြောက်လက်မလောက်အထိ ရွာသွန်းနိုင်တဲ့ ခန့်မှန်းချက်အနေအထား တွေ့ရှိထားတယ်။ ကျန်ဒေသတွေမှာလည်း မိုးအနည်းငယ် ရွာသွန်းနိုင်တယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်တဲ့ အခြေအနေလည်းရှိတယ်။ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကိုရွေ့လာပြီးတော့ အားကောင်းလာနိုင်တဲ့ အခြေအနေလည်းရှိတဲ့ အတွက်ကြောင့်မို့ နောက်ပြီးတော့ အထက်ဘက်က လေထုဖွဲ့စည်းပုံ အခြေအနေအရပ်ရပ်ကြောင့်မို့လို့ လေဖိအားနည်း ရပ်ဝန်းကတော့ သတိပြုစောင့်ကြည့်ရမယ့် လေဖိအားနည်းရပ်ဝန်းပေါ့နော်” ဟု ဦးကျော်လွင်ဦးက ပြောကြားသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်သို့ ပြောင်းလဲခဲ့ပါက အဆိုပါ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးရရှိမည်ဖြစ်ပြီး အအေးပေါ့သွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူ့ကြောင့်မို့ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသအများစုမှာ တိမ်ဖြစ်ထွန်းမှုတွေ များလာနိုင်တယ်။ တိမ်ဖြစ်ထွန်းမှုတွေ များလာတဲ့အတွက် ညအပူချိန် အနည်းငယ် အအေးပြန်ပေါ့သွားနိုင်တယ်။ နောက်ပြီးတော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးနည်းနည်း ပိုလာနိုင်တဲ့ အနေအထားမျိုး မိုးပိုရွာနိုင်တဲ့ အနေအထားမျိုးရှိတယ်” ဟု ဦးကျော်လွင်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာ ၉ ရက် ထူးခြားမိုးလေဝသ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလေးကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေကြောင်း သိရသည်။