လှိုင်မြို့နယ်ရှိ ရပ်ကွက်မှတင်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖြုတ်ချရန်အကြံ လက်မခံဟုဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ဆန္ဒထုတ်ဖော်နေသည့် လှိုင်မြို့နယ်တွင် နေထိုင်သူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

လှိုင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား ဖြုတ်ချရန်အကြံလက်မခံဟုဆိုကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ငါးရာခန့်က နိုဝင်ဘာ ၉ ရက်တွင်လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ရွာမကျောင်းလမ်း-ဗဟိုလမ်း -အုတ်ကျင်းဘူတာရုံလမ်း-အင်းစိန်လမ်း-ကမာရွတ်ဘူတာရုံလမ်း-ရွာမကျောင်းလမ်းများအတိုင်း နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီခန့်အထိ လမ်းလျှောက်၍  ‘အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချမည့်အကြံ တို့လက်မခံ၊ လှိုင်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား အလိုမရှိ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပါ၏’ ဟု  ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ ရပ်ကွက်က တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်။ တော်တော် ကောင်းတဲ့အုပ်ချုပ်ရေးမှူးပါ။ အဲဒီအုပ်ချုပ်ရေးမှူး ဆုံးရှုံးသွားတဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူလူထုက သိတဲ့အခါကျတော့ ဘာဖြစ်လို့ မလုပ်တော့တာလဲမေးတဲ့ အခါမှာ လွှတ်တော်အမတ်တစ်ယောက်ကနေ သူ့ကိုဖြုတ်ချလိုက်လို့ သူဟာလုပ်လို့မရပါဘူးလို့ ဖြေခဲ့ပါတယ်။ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာလည်း တစ်ဦးတစ်ယောက်နဲ့ တင်ခဲ့တဲ့အုပ်ချုပ်ရေးမှူး မဟုတ်ပါဘူး။ အခုလက်ရှိ ဆန္ဒထုတ်ဖော်တဲ့ သူတွေအားလုံးကနေပြီးတော့ မဲနဲ့ယှဉ်ပြိုင်လို့ နိုင်ခဲ့တဲ့အုပ်ချုပ်ရေးမှူး တစ်ယောက်ပါ။ ကျွန်တော်တို့အတွက် ဘာတွေနစ်နာလဲဆိုရင် ရပ်ကွက်က အရမ်းကျယ်တယ်။ ရပ်ကွက်မှာရှိတဲ့ လမ်း ၂၅ လမ်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ လမ်းသူလမ်းသားရယ်၊ နိုင်ငံတော်က ဘတ်ဂျက်ရယ် ပေါင်းစပ်ပြီးတော့ ခင်းခဲ့တာ။ လမ်း ၁၃ လမ်း ပြီးသွားပါပြီ။ လမ်း ၁၂ လမ်းကျန်ရှိနေပါသေးတယ်။ ဒီလမ်းတွေပြင်ဖို့အတွက်လည်း လမ်းသူလမ်းသားတွေမှာ မတတ်နိုင်ပါဘူး။လမ်း တစ်လမ်းက ၈၀ ကျရင် လမ်းသူလမ်းသားက ၄၀ ပဲနိုင်ရင် ကျန်တဲ့ငွေကို သူအိတ်စိုက်ခဲ့ပါတယ်။ ဒီလိုမျိုးလည်း အားထားရတဲ့သူ တစ်ယောက်ပါ” အဆိုပါဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် ဦးရဲဝင်းအောင်က ပြောကြားသည်။

ထို့ပြင် ‘ရပ်ကွက်နေလူထုမှ တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဖြုတ်ချသည့် အကြံ-တို့ လက်မခံ၊ အမှတ်(၁) ရပ်ကွက် အုပ် ချုပ်ရေးမှူးအား မဟုတ်မမှန်တိုင်ကြားသော လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအား အလိုမရှိ၊ အမေစုမှ အုပ်ချုပ်ရေးပိုင်းကဏ္ဍများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိစေရဟူသော စကားအား ဆန့်ကျင်၍ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအား အလိုမရှိ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပါ၏’ အစရှိသည့် ဗွီနိုင်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအား ဆက်သွယ်မေးမြန်းရာ ဖြုတ်ချခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် မညီကြောင်း၊ မလျော်သြဇာသုံးစွဲကြောင်း၊ အစိုးရကို အကြည်ညိုပျက်စေကြောင်း စသည့်အချက်များဖြင့် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးခဲ့ကြောင်း ပြောကြားသည်။

“ဥပဒေလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာဘူး။ နောက်မလျော် သြဇာသုံးတယ်။ နောက်အစိုးရကို အကြည်အညိုပျက်အောင် လုပ်တယ်ဆိုပြီးတော့ ကျွန်တော်ကအဲဒီအချက်တွေနဲ့ တိုင်လိုက်တာ။ သမ္မတရုံးညွှန်ကြားချက်နဲ့ပဲ ခုံဖွဲ့စစ်ဆေးပြီးတော့သူ့ကို အရေးယူလိုက်တာပေါ့။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးဘက်မှာလည်း သူ့ထောက်ခံတဲ့သူရှိတယ်လေ။ ကျွန်တော်တို့ဘက်ကလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ အဆင်မပြေဘူးပေါ့။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပူး ပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ဟာမှာ သူပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဥပဒေအရ ဆောင်ရွက်တာပါ။ ဆန္ဒပြတာကတော့ သူတို့ အခွင့်အရေးပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သူများက ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။