ကျောက်မီးသွေးကို ဆန့်ကျင်သည့် စာသားများပါရှိသည်ဟုဆိုကာ (၆၂) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတွင် ဖျော်ဖြေမည့် ရိုးရာပျောက်မှာ စိုးကြောက်သူများအဖွဲ့၏ ကြောင်ကနဲဒုံးယိမ်းအဖွဲ့ ဖျော်ဖြေခွင့်မရ

ဇွဲကပင်တောင်ခြေတွင် ဖျော်ဖြေနေသည့် ကြောင်ကနဲဒုံးယိမ်းအဖွဲ့အား တွေ့ရစဉ်

ကျောက်မီးသွေးအား ဆန့်ကျင်သည့် စာသားများပါရှိသည်ဟုဆိုကာ (၆၂) နှစ် မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတွင် ဖျော်ဖြေမည့် ရိုးရာပျောက်မှာစိုးကြောက် သူများအဖွဲ့၏ ကြောင်ကနဲဒုံးအဖွဲ့မှာ ဖျော်ဖြေခွင့်မရကြောင်း သိရသည်။

“ရိုးရာပျောက်မှာစိုးကြောက်သူများ အဖွဲ့ကရေးစပ်ထားတဲ့ သီချင်းတွေက ပြီးခဲ့တဲ့ နှစ်တိုင်းကလို့ရပါတယ်။ NLD အစိုးရတက်လာတဲ့ မနှစ်ကလည်း ကလို့ရတယ်။ ဒီနှစ်မှာ ကခွင့်မပေးတော့ဘူး။ ကခွင့်မပေးဘူးဆိုတာက ကျောက်မီးသွေး ကိစ္စပါလာလို့တဲ့။ ဒါပေမဲ့ အဲဒီစာသား မပါပါဘူး။ ဒါပေမဲ့ ကခွင့်မရှိဘူး။ ကခွင့်မရှိဘူးဆိုပေမယ့် ကြောင်ကနဲ အဖွဲ့တွေက အခုလည်း ကမယ်။ နောင်လည်း ကဦးမယ်။ သားစဉ်မြေးဆက်လက်ဆင့် ကမ်းပြီးတော့ ကသွားဦးမှာဖြစ်ပါတယ်” ဟု အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးစောလုက ပြောကြားသည်။

၎င်းက “သီချင်းစာသားတွေက ရေးထားတုန်းပဲ ရှိသေးတယ်။ ဒါပေမဲ့ ဖထီးတို့က အကလည်း မတိုက်ရသေးဘူး။ မတင်ဆက်ရသေးဘူး။ အဖွဲ့သားတွေကို ချပြတယ်။ ဒီစာသားနဲ့ သင့်လျော်ပါ့မလား။ အဆင်ပြေပါ့မလား။ အဲဒါကို ပြောနေတုန်းပဲ ရှိသေးတယ်။ ဖထီးတို့ ရေးလက်စ စာသားတစ်ခုက ဒေါ်နန်းခင် ထွေးမြင့်တို့ဆီ ရောက်သွားတယ်ပေါ့။ ရောက်သွားတော့ ကခွင့်မပေးဘူးပေါ့။ ကခွင့်မပေးတာက ပြည်နယ်ဝန် ကြီးချုပ်က ကခွင့်မပေးတာပါ။ ပြည်နယ်ကရင်စာပေယဉ်ကျေးမှု အဖွဲ့ကဥက္ကဋ္ဌ ဦးအေးမြက မင်းတို့ကချင်ရင် ဝန်ကြီးချုပ်ဆီသွားပြီးတော့ တောင်းပန်ပါ။ ပြောပြပါ။ ပြည်နယ်ယဉ်ကျေးမှု ဒုဦးစီး ဦးဝင်းကျော်ကျော်ကလည်းပဲ အဲဒီလိုပဲ ပြောတယ်။ ရိုးရာပျောက်မှာ စိုးကြောက်သူများ အဖွဲ့သည် နှစ်စဉ်နှစ်တိုင်း တင်ဆက်လာတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုကို တင်ဆက်ခွင့်မရှိဘူးဆိုရင် မတင်ဆက်ရုံပဲရှိတယ်။ ဒါပေမဲ့ကတော့ ဆက်လက်ကပြသွားမှာပါ” ဟု ပြောကြားသည်။

“ကျွန်တော်တို့ကို ဝန်ကြီးချုပ်က ကခွင့်မပြုတာကို  ပြည်နယ်ကရင်စာပေယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌဦးအေးမြကို ပြောပြပါတယ်။ ကရင်ပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကရင်ပြည်နယ်ပွဲမှာ မကရတော့ ကျွန်တော်တို့က စိတ်မကောင်းဖြစ်တာပေါ့။ ကခွင့်မပြုတော့လည်း ကျွန်တော်တို့အဖွဲ့ ပြန်တိုင်ပင်ပြီး မကရလည်း ဘာမှမဖြစ်ဘူး။ တခြားပွဲတွေများကြီး ရှိတယ်။ နှစ်သစ်ကူးပွဲရှိတယ်။ တခြားဖိတ်ခေါ်ပွဲတွေ အများကြီးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ပြန်ကမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပုတ်ခတ်တဲ့ စကားလုံးတစ်လုံးမှမပါဘူး။ အဲဒါကို ကျွန်တော်တို့ကို ကျောက်မီးသွေးကိစ္စတို့ ဘာတို့ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့အဖွဲ့ကို ဖိနှိပ်တယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ ထိခိုက်အောင် ဘာမှမလုပ်ဘူး။ ထိခိုက်အောင် သီချင်းစာသားထဲမှာ ရေးသားထားတာလည်းမပါဘူး။ ဒါအရင့်အရင်ကတည်းက ကလာတဲ့သီချင်းပါ။ အမှန်ပြောရရင် အရင်အစိုးရလက်ထက်ကတောင် ကျွန်တော်တို့ လေးနှစ်ကလာတယ်။ ၂၀၁၆ ခုနှစ်မှာဆိုရင် NLD နေရာရတယ်။ ကျွန်တော်တို့ တစ်နှစ်ကရတယ်။ ဒီနှစ်ကျမှ မပေးကတာက ဘာအဓိပ္ပာယ်လဲဆိုတာ သိချင်ပါတယ်” ဟု ရိုးရာပျောက်မှာစိုးကြောက် သူများအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစောကျော်လွင်ဦးက ပြောကြားသည်။

“ဒီဒုံးယိမ်းက ကရင့်ရိုးရာဓလေ့ဒုံးပါပဲ။ ဒါပေမဲ့ ရိုးရာဓလေ့နဲ့ ပတ်သက်ပြီးတော့ရော၊ ပျော်ပွဲရွှင်ပွဲနဲ့ ပတ်သက်ပြီးတော့ရော၊ ရိုးရာယဉ်ကျေးမှုအရ စပါးပေါ်တဲ့အချိန်၊ ကောက်သစ်ပေါ်တဲ့အချိန်တွေကို ရေးဖွဲ့ပြီးတော့ ကပြဖျော်ဖြေလေ့ရှိတဲ့ ဒုံးယိမ်းဖြစ်ပါတယ်။ ဒါပေမဲ့ သီချင်းရေးစပ်တဲ့အခါမှာ နည်းနည်းလေး အခက်အခဲလေးရှိတဲ့ သီချင်းလေးတွေပါတဲ့အတွက် အဲဒါကြောင့် လူကြီးပိုင်းက ခေတ္တတားမြစ်ထားတာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က တားမြစ်ထားတာပါ။ အဲဒါကြောင့်ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ကျော် ပြောကြားသည်။

အဆိုပါ ရိုးရာပျောက်မှာ စိုးကြောက်သူများအဖွဲ့အား ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများပြည်သူများ စုပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဒုံးယိမ်းကို ထိန်းသိမ်းလာသူများဖြစ်ကြကြောင်း၊ သီဆိုသော သီချင်းတွင် ခေတ်ရေစီးကြောင်းအတိုင်း ဖြစ်ပျက်နေမှုများအား ရေးဖွဲ့ထားသည့်  စာသားများပါဝင်ကြောင်းနှင့် ပြည်နယ်ပွဲတွင် ကပြခွင့်မရသည့်အတွက် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ် ဘားအံမြို့ဇွဲကပင်တောင်ခြေရင်းတွင် ကပြခဲ့ကြကြောင်း သိရသည်။