တစ်သက်တာဂီတ ထူးချွန်ဆုရှင် ဗေရိဥယျာဉ်ခြံထဲက ခြံစောင့်ကြီး

ရန်ကုန်မြို့အစွန်၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာမှာ ဗေရိဆိုတဲ့ ဥယျာဉ်ခြံကြီး တစ်ခြံရှိပါတယ်။  ရန်ကုန်-ပြည် ကားလမ်းမကြီးနံဘေးမှာ တည်ရှိတာပါ။

အဲဒီခြံကြီးအတွင်းမှာ ဂီတပညာရှင်တစ်ယောက် ခြံစောင့်အဖြစ် ရှိနေပါတယ်ဆိုရင် အံ့သြသွားမလား။ သူဟာ တစ်သက်တာ ဂီတထူးချွန်ဆုရှင် ကိုဗစ်တာလို့ခေါ်တဲ့ ဆလိုင်းဇာလျန်းပါပဲ။

ဆလိုင်းဇာလျန်းကို ၁၉၅၀ ပြည့်နှစ်က ဖလမ်းမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဆရာဝန်ကြောင့် ဒေသစုံ လှည့်လည်နေထိုင်ရာမှ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းမှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ ရသစာပေတွေကို နှစ်သက်တဲ့ ချင်းတမီလ်ကပြားတစ်ဦးလည်း ဖြစ်ပါတယ်။

ဖခင်မိတ်ဆွေ နိုင်ငံခြားဆေး ကိုယ်စားလှယ်တစ်ဦးထံက ရရှိခဲ့တဲ့ ဂီတာသင်ရိုး စာအုပ်နဲ့ ဂီတာပညာကို သင်ယူခဲ့ပြီး လေ့ကျင့်ခဲ့တယ်။ ဒီလိုနဲ့ ဂီတလမ်းကြောင်းပေါ်ကို  အပျော်တမ်း တီးဝိုင်းတွေဖွဲ့ပြီး တီးလာရာမှ ရောက်ရှိခဲ့တယ်။

ကနဦးက Lead ဂစ်တာ တီးခတ်သူဖြစ်ပေမယ့် Bass ဂီတာကိုနှစ်သက်ပြီး တီးခတ်လာတဲ့ နောက်ပိုင်း The Aces တီးဝိုင်းမှာ Bass ဂီတာတီးတဲ့ ဘေဘီး ထွက်သွားတော့ The Aces တီးဝိုင်းကို Bass ဂီတာသမား အဖြစ် စတင်ရောက်ရှိခဲ့တယ်။

“Aces က Bass သမားထွက်သွားတော့ သူတို့လာရှာတယ်။ သူတို့လာရှာတော့ အဲဒီရောက်သွားတာ” လို့ ဆလိုင်းဇာလျန်းက The Aces တီးဝိုင်းမှာ အခြေချဖြစ်ပုံကို ရှင်းပြတယ်။ အတီးသမားဖြစ်ပေမဲ့ ပန်းကလေးငို၊ ဖိုးသာထူး၊ လိုရင်အကုန်လုံးယူ၊ ခိုင်ထူးသီဆို ထားတဲ့စစ်နဲ့ ငြိမ်းချမ်းရေးစတဲ့ သီချင်းတွေ အပါအဝင် အခြားသော သီချင်းတွေကိုလည်း ဆလိုင်းဇာလျန်းက ဖန်တီးခဲ့ပါသေးတယ်။သူဖန်တီးတဲ့ သီချင်းတွေထဲမှာ သူကိုယ်တိုင် ရေးစပ်တာတွေရှိသလို တခြားသူတွေရဲ့ ကဗျာတွေကို သီချင်းအဖြစ် ပြန်ပြောင်းဖန်တီးတာတွေလည်း ရှိပါတယ်။

ဥပမာအနေနဲ့ ပြောရရင် အင်းစိန်ထောင်ထဲမှာ မီးသွေးနဲ့ ကဗျာတွေရေးပြီးလုပ်တဲ့ ကျောက်မီးသွေးလှုပ်ရှားမှု စစ်ဆင်ရေးက ထွက်လာတဲ့ ကဗျာတွေနဲ့ ပန်းကလေးငိုဆိုတဲ့ သီချင်းကို ဖန်တီးဖြစ်သလို ကလောင် ငသာမြတ်ရဲ့ ကဗျာတွေကို သီချင်းအဖြစ် ဖန်တီးခဲ့ပါတယ်။ The Aces တီးဝိုင်းရဲ့ Bass ဂစ်တာသမား ဆလိုင်းဇာလျန်းဟာ သူ့ပညာ၊ ခံယူချက်ကြောင့် အဆိုတော်တွေနဲ့ သဘောထားမတူတာတွေလည်း ရှိခဲ့ပါတယ်။

“ထူးအိမ်သင်က ရှေးရိုးအစဉ်အလာအတိုင်း တည့်တည့်တီးပေးစေချင်တယ်။ ကျွန်တော်က စောင်းကန်း စောင်းကန်းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိတော့ ပြောတာပေ့ါ။ တည့်တည့်တီးပေးဖို့။ ကျွန်တော်က ဟေ့ကောင် မင်းဟာကို မင်းတည့်အောင်ဆို ငါတို့က ငါတို့ဘာသာသွားမယ်။ မင်းဆိုမယ့် အပိုင်းကို ဖြောင့်ဖြောင့်တန်းတန်း တည့်အောင်ဆိုလို့ ပြောတယ်။ ဒါပေမဲ့ သူနောက်တော့ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာမှာ ထွက်နေတဲ့ သီချင်းတွေက အဲဒီပုံစံတွေပဲ။ အစောင်း ခေါ်တာပေ့ါ” လို့ ဆလိုင်းဇာလျန်းက သူ့ရဲ့ဖြတ်သန်းပုံတွေထဲက အမှတ်တရတစ်ခုကို သတိတရ ပြောပြပါတယ်။

ဂီတနဲ့ပတ်သက်ရင် ဆရာတစ်ဆူလို့ သတ်မှတ်ထားတဲ့ ထူးအိမ်သင်လို လူမျိုးကိုလည်း မိမိတတ်မြောက်ထားတဲ့ ပညာအပေါ်မှာ လာရောက်ခြယ်လှယ်တာကိုတော့ မခံခဲ့ပါဘူး။ ဒါပေမဲ့ ပညာရှင် အစစ်အမှန်တွေဆိုတာ သူတစ်ပါးရဲ့ ကျွမ်းကျင်မှုတွေကို ခံစားနားလည်တတ်တဲ့သူတွေဖြစ်တာကြောင့် သူတို့ဆက်ဆံရေးမှာ အခက်အခဲ မရှိခဲ့ပါဘူး။

ဆလိုင်းဇာလျန်းဟာ ဂီတနဲ့ ပတ်သက်တဲ့ သင်တန်းတွေ သင်ကြားပေးရင်း ဖြတ်သန်းလာခဲ့ရာ The Aces တီးဝိုင်းက ဝိုင်းတော်သားတွေ ပြည်ပကိုထွက်ခွာသွားတော့ ဝိုင်းမှာ လူမစုံတာက တစ်ကြောင်း၊ အသက်အရွယ်က တစ်ဖုံတို့ကြောင့် တီးဝိုင်းက အနားယူခဲ့ပြီး လူငယ်တွေအတွက် နေရာပေး ဘေးထွက်ထိုင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်ဆိုတာ သူ့သမိုင်းကြောင်းဆိုရင် တစ်သက်တာဂီတထူး ချွန်ဆုက ဆလိုင်းဇာလျန်းရဲ့ သမိုင်းကြောင်းကို ပြနေတာဖြစ်ပါတယ်။

ဂီတအတွက် ရိုးရိုးသားသား ရှင်သန်ခဲ့သူဖြစ်တဲ့အတွက် ငွေကြေးမပြေလည်မှု ဒဏ်ကိုတော့ ဆလိုင်းဇာလျန်းတစ်ယောက် မလွဲမသွေ ရင်ဆိုင်ရပြန်တယ်။ လက်ရှိနေထိုင်တဲ့ ဗေရိဥယျာဉ်ခြံက မယားညီအစ်ကို တော်စပ်သူရဲ့ ခြံဖြစ်ပြီး ခြံမှာလိုအပ်တာတွေ လုပ်ကိုင်ရင်း နေထိုင်နေရတာပါ။

“ဒီမှာနေတာ မကြာသေးဘူး။ ပြောင်းနေတာ သုံး၊ လေး နေရာလောက်ရှိနေပါပြီ။ ပြောင်းတာများလို့ ရွှေစင်ရုပ်တုတောင် ဘယ်နားသိမ်းထားမိလည်း မသိဘူး။ ဒီမှာနေပြီး လုပ်စားပေါ့။ ပေါက်တာပြဲတာ ဖာထေး။ စောင့်ရှောက်ခိုင်းထားတာပေါ့ဗျာ။ ခြံစောင့်ပေါ့ဗျာ။ အဲဒီလိုပေါ့။ နေလည်းနေ လိုအပ်တာလည်း လုပ်ပေါ့” လို့ ကိုဗစ်တာက သူ့ရဲ့အောက်နှုတ်ခမ်းထိ ဖုံးအုပ်ရှည်လျှားတဲ့ နှုတ်ခမ်းမွေးကို လက်နဲ့သပ်ရင်းက ဆိုလာပါတယ်။

ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်း မရှိတော့ပေမဲ့ တပည့်တစ်ယောက် လက်ဆောင်ပေးထားတဲ့ ဟော်လိုဂီတာတစ်လုံးနဲ့ သီချင်းတွေ နားထောင်ရင်း ဆလိုင်းဇာလျန်းတစ်ယောက် ဗေရိဥယျာဉ်ကြီးထဲမှာ ဂီတမှော်ဝင် စားနေဆဲပါ။ အသက်အရွယ်ကောင်းချိန်က ဂီတာသင်တန်းတွေ သင်ကြားပေးခဲ့ပြီး လက်ရှိအချိန်မှာ အထီးကျန်မှုကို အဖော်ပြုနေရပေမဲ့ ဂီတလောက တိုးတက်ရေးအတွက် အသက် ၆၇ နှစ်အရွယ် ဦးဗစ်တာတစ်ယောက်ကတော့ အတွေးတစ်ခု ငုတ်ရိုက်ထားဆဲပါ။

“ဂီတသင်တန်းဖွင့်ဖို့တော့ စိတ်ကူးရှိတယ်။ စိတ်ကူးယဉ်ထားတာပေါ့ဗျာ။ ဒါကလည်း နိုင်ငံခြားက အကူအညီလိုတယ်။ ရန်ကုန်မှာရှိတော့ မြန်မာပြည်သားတွေ တက်လို့ရတာ ပေါ့ဗျာ။ အမေရိကားမှာရှိတဲ့ ကျောင်းကိုဒီမှာ ပြန်မွေးစားလိုက်မှာ။ သူတို့ သင်ရိုးတွေ စာအုပ်စာတမ်းတွေ ဒီမှာပြန်လုပ်မယ်။ လုပ်ဖြစ်ရင်တော့ ကောင်းတာပေါ့။ အခုက တကူးတက လိုက်ရှာနေရတာလေ” လို့  ဂီတကို စာအုပ်တွေနဲ့ သင်ကြားခဲ့ရတဲ့ ကိုဗစ်တာက သူ့အိမ်မက်ကို ပြောပါတယ်။

သူတို့ ဂီတပညာကို လိုက်စားလေ့လာတဲ့ အချိန်မှာ ဂီတဝါသနာ ပါသူတွေဟာ သင်ချင်လို့တောင် သင်ယူဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ ဆရာအခက်အခဲ၊ ငွေအခက်အခဲ၊ သင်ထောက်ကူ အခက်အခဲစတဲ့ အခက်အခဲပေါင်းများစွာကနေ ဝါသနာအရင်းခံပြီး လျှောက်လှမ်းခဲ့ကြတာပါ။

ရည်ရွယ်ချက်တူ၊ ခံယူချက်တူသူချင်း တက္ကသိုလ်နေ့ရက်တွေမှာ စုစည်းမိကြရင်း ဂီတလမ်းမပေါ် လှမ်းတက်ခဲ့တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ တိုးတက်လာတဲ့ဒီနေ့ ခေတ်မှာတော့ အရာရာလွယ်ကူ လာသလို အခွင့်အလမ်းတွေလည်း များပြားလာပြီ ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းမှာလည်း အဆိုပြိုင်ပွဲတွေ ဒုနဲ့ဒေး။ ဂီတာသင်တန်း တက်ချင်သူတွေအတွက်လည်း မခက်ခဲတော့ပါဘူး။  ဂီတရေစီးကို Bass ဂစ်တာတလက်နဲ့  စီးမျောနေသူ မဟုတ်တော့ပေမဲ့  ဂီတလောကသား တစ်ယောက်အနေနဲ့ ဆလိုင်းဇာလျန်းက ဂီတလောက တိုးတက်မှုအပေါ် အားရကျေနပ်နေတာတော့ အမှန်ပင်။

“အရင်ထက်စာရင်တော့ အများကြီး ကောင်းလာတယ်။ ဂီတာကို စိတ်ဝင်စားတဲ့သူလည်း တော်တော်များတယ်။ ဂီတနဲ့ ပတ်သက်တဲ့ စာလည်းတတ်ကြတယ်။ အားရစရာ ကောင်းပါတယ်” လို့ ဆလိုင်းဇာလျန်းက သုံးသပ်တယ်။

အသက်အရွယ် ကြီးရင့်လာမှုနဲ့ လူငယ်တွေကို နေရာပေးချင်တာကြောင့် ဂီတလောကကနေ အနားယူခဲ့တဲ့ ဆလိုင်းဇာလျန်းဟာ ဘုရားကျောင်းလည်း မတက်ဖြစ်တော့ သူ့အတွက် အချိန်ပိုတွေအများကြီး ပိုင်ဆိုင်ထားပြန်တယ်။ အိမ်နားဝန်းကျင်က ဂီတာဝါသနာပါတဲ့ ကလေးတစ်ယောက်ကို ပညာသင်ပေးပြီးရင် သီချင်းနားထောင်။ ဒီအလုပ်တွေ မရှိချိန် ဆလိုင်းဇာလျန်းတစ်ယောက် ဘာတွေတွေးပြီး ဘာတွေလုပ်နေမလဲဆိုတာတော့ သူသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

“တစ်ယောက်တည်း စကားပြောဖော် မရှိတော့ ပျင်းတယ်ဗျ” လို့ ဆလိုင်းဇာလျန်းက ဆံရှည်တွေမရှိတော့တဲ့ ခေါင်းကို သပ်ရင်းက ရည်ပြီး ပြောပါတယ်။ ငွေဆိုတာ ဒုတိယ ဘုရားလို့ ပြောဆိုကျင့်သုံးသူတွေရှိသလို ငွေနဲ့ ပေးဝယ်လို့ မရတာတွေ လောကမှာ အများကြီးရှိပါတယ်။ အဲဒီအရာတွေထဲက တစ်ခုဖြစ်တဲ့ မိသားစုဆိုတာကို ဆလိုင်းဇာလျန်းပိုင်ဆိုင်ထားတယ်။ ဗေရိဥယျာဉ်ထဲမှာ ဇနီး၊ သမီး၊ မြေးတွေနဲ့ ဆလိုင်းဇာလျန်း နေထိုင်ပါတယ်။ ဒီထက်ပိုပြီး တန်ဖိုးဖြတ်လို့ မရတာကတော့  ဆလိုင်းဇာလျန်းဟာ ကျန်းမာရေးကောင်းပြီး ဘာရောဂါမှ မရှိပါဘူး။ အသက်အရွယ်နုချိန်က အရက်သောက်တတ်တဲ့ Bass ဂီတာသမားကြီး ဆလိုင်းဇာလျန်း ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ အရက်ဖြတ်ခဲ့ပြီး အခုတော့ အရွယ်အားဖြင့် နောက်ဆုံးအရွယ်ရောက်နေပြီ ဖြစ်ပါတယ်။

တစ်သက်တာဂီတ ထူးချွန်ဆုပေးပွဲမှာ အမှတ်တရ စကားပြောတော့ “ဆက်လက် ကြိုးစားပါဦးမယ်” လို့ ဆလိုင်းဇာလျန်းက လိုတိုရှင်း ပြောသွားတယ်။ အရွယ်သုံးပါးရဲ့ နောက်ဆုံးအရွယ်အထိ ဂီတအတွက် ကြိုးစားဖို့ စိတ်ကူးနေတဲ့ ဆလိုင်းဇာလျန်း (ခ) ကိုဗစ်တာတစ်ယောက် ကျန်းမာစွာနဲ့ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Lead ဂီတာတီးရာက Bass ဂီတာကို သဘောကျလို့ Bass ဂီတာသမားအဖြစ် နေထိုင်ခဲ့တဲ့သူ၊ လူဆိုတာ အနုပညာ သတ္တဝါလို့ ခံယူထားတဲ့သူ၊ အနုပညာနဲ့ ကြီးပွားချမ်းသာဖို့ မလွယ်ဖူးဆိုတဲ့ ဆလိုင်းဇာလျန်း (ခ) ကိုဗစ် ဂီတလောကအတွက် အိပ်မက်တွေနဲ့ သူသိမြင် တတ်မြောက်ထားတာတွေကို မျှဝေသင်ကြားဖို့ ဗေရိဥယျာဉ်ကြီးထဲမှာ ဟော်လိုဂီတာ တစ်လုံးနဲ့ စောင့်နေရဲ့။