ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်သို့ ပြန်ဝင်လာသူများကို ပြန်လည်လက်ခံရေးစခန်းများ၌ တစ်ပတ်လျှင်ငါးကြိမ်စီဖြင့် တစ်ကြိမ်လျှင် လူဦးရေ ၁၀၀ မှ ၁၅၀ အထိ လက်ခံမည်

မောင်တောမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကိုပြန် လည်လက်ခံရေးစခန်းများတွင် တစ်ပတ်လျှင် ငါးကြိမ်စီဖြင့် တစ်ကြိမ်လျှင် လူဦးရေ ၁၀၀ မှ ၁၅၀ အထိ လက်ခံမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက ပြန်လည်လက်ခံနိုင်ရန်အတွက် စီစဉ်ထားပြီး ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နှင့်ရေလမ်းဖြင့် ဝင်ရောက်လာသူများအတွက် ငါးခူရကျေးရွာများအား ရွေးချယ်ထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တစ်ဖက်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံ ရေးစခန်းများနှင့်ပြန်လည်နေရာချထားသည့် နေရာများ၌ ရွေ့လျားဆေးအဖွဲ့များဖြင့် ယာယီဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် စီမံချက်များရေးဆွဲလုပ်ဆောင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါစီမံချက်သည် လက်ရှိအခြေ အနေပေါ်မူတည်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် အခြေအနေ၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်မည့်အခြေ အနေစသည်တို့၌ အပြောင်းအလဲများရှိလာပါက ဤစီမံချက်ပါ လုပ်ငန်းများအား လိုက်လျောညီထွေစွာပြုပြင်၍ပြန်လည် ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံသွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံပေး နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြန်လည် လက်ခံပါက လူဝင်မှုဆိုင်ရာ လုပ်ငန်းများ (National Verfication Card ထုတ်ပေးခြင်း၊ Biometric မှတ်တမ်းပြုလုပ်ခြင်း စသည်) နှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်  ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည် လက်ခံရေးစခန်းများ၌လက်ခံထားသော လူထုအား အဆိုပါစခန်းများ၌ တစ်ညနေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး နေထိုင်ရေးနှင့် စားသောက်ရေးများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့နံနက်တွင် အဆိုပါ ပြန်လည်လက်ခံထားသောလူထုအား ဒါးကြီးစားကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဒါးကြီးစားကျေးရွာ၌ ယာယီနေထိုင်ရမည် ဖြစ်ကြောင်း၊ ဤအစီအစဉ်အတိုင်းဆောင်ရွက်ဖြစ်မည်ဆိုပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဝင်ရောက်လာသည့် လူထုအား မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊  ငါးခူရကျေးရွာနှင့် ဒါး ကြီးစားကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။