ယီမင်သူပုန်များက ဆော်ဒီနှင့် ယူအေအီးရှိ လေဆိပ်များအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်

နိုဝင်ဘာ ၇ ရက်က ယီမင်သူပုန်ထိန်းချုပ်ထားသော ပင်လယ်နီဆိပ်ကမ်း ဟိုဒေးဒါကို ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

ယီမင်ရှိ ရှီအိုက်ဟူသီသူပုန်များက ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ရှိ လေဆိပ်များနှင့် ဆိပ်ကမ်းများအား တိုက်ခိုက်မည်ဟု နိုဝင်ဘာ ၇ ရက်တွင် ခြိမ်းခြောက်ခဲ့ရာ ရီယာ့ဒ် နှင့် တီဟီရန်တို့အကြား တင်းမာမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းသူပုန်များအား အီရန်က ထောက်ပံ့ပေးနေမှုသည် စစ်ရေး ကျူးကျော်ရန်စမှုဖြစ်သည်ဟု သြဇာကြီး ဆော်ဒီအိမ်ရှေ့မင်းသားက စွပ်စွဲခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယီမင်သူပုန်များက ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ရေနံအဓိကထုတ်လုပ်သည့် နှစ်နိုင်ငံအကြား တင်းမာမှုတစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင်း နိုဝင်ဘာ ၇ ရက်တွင် ရေနံစိမ်း ဈေးနှုန်းသည် နှစ်နှစ်အတွင်း အမြင့်ဆုံးအနေအထားသို့ နီးကပ်လာခဲ့သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းက အီရန်ကျောထောက်နောက်ခံပြု ရှီအိုက်သူပုန်များအား နှစ်နှစ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ဆော်ဒီနိုင်ငံထဲရှိ ပစ်မှတ်များထိ ရောက်ရှိနိုင်သော ဒုံးလက်နက်များအား ရရှိထားသည့် ယီမင်သူပုန်များက နိုဝင်ဘာ ၄ ရက်က ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ ဒုံးတစ်စင်း ပစ်လွှတ်ခဲ့သည်။ ယင်းဒုံးအား ဆော်ဒီက ကြားဖြတ်ပစ်ချခဲ့ပြီး ရီယာ့ဒ်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ကျဆင်းခဲ့ကြောင်း၊ ယင်းသည် ဆော်ဒီမြို့တော်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် ဒုံးဖြစ်ကြောင်း သိရသည်။

ဆော်ဒီနှင့် ယူအေအီးတို့အတွက်အရေးပါသော လေဆိပ်များ၊ ဆိပ်ကမ်းများ၊ နယ်စပ် ဖြတ်ကျော်စခန်းများနှင့် ဒေသအားလုံးတို့ သည် ၎င်းတို့လက်နက်များ၏ တိုက်ရိုက်ပစ်မှတ်ဖြစ်ကြောင်း ယီမင်သူပုန်များ၏ နိုင်ငံရေးဆိုင်ရာရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။  ယီမင်အား ပိတ်ဆို့ထားမှု တင်းကျပ်ခြင်းနှင့်  ယီမင်ပြည်သူများအား ငတ်မွတ်အောင်ထားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်အတွက် ၎င်းတို့သည် ယင်းအတိုင်း ကြည့်နေမည်မဟုတ်ဘဲ ပို၍ပြင်းထန်သော နည်းလမ်းများ ကို ရှာကြံသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရအားထောက်ပံ့ရန် ၂၀၁၅ ခုနှစ် နောက်ပိုင်း ယီမင်သူပုန်များအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ညွန့်ပေါင်းတွင် ဆော်ဒီနှင့် ယူအေအီးတို့က အဓိကအင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည်။ ယီမင်သူပုန်များ၏ ဒုံးပစ်ခဲ့မှုအပြီး ဆော်ဒီညွန့်ပေါင်းက ယီမင်ရှိ သူပုန်များထိန်းချုပ်ထားသည့်ဒေသများအား ပိတ်ဆို့မှုကို တင်းကျပ်ခြင်း၊ ကုလသမဂ္ဂ၏ မေတ္တာရပ်ခံမှုရှိသော်လည်း အကူအညီပေးရေးပစ္စည်းများ ပေးပို့မှုကိုပင် ပိတ်ဆို့ခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကူအညီပစ္စည်းများ ပေးပို့မှု ပိတ်ဆို့ ခြင်းကြောင့် ယီမင်ရှိ လူ ခုနစ်သန်းခန့်သည် အငတ်ဘေးအန္တရာယ် ကြုံရနိုင်ရန် ခြိမ်းခြောက်နေသည်။ ကုလသမဂ္ဂက ယင်းပိတ်ဆို့မှုများအား အမြန်ဖယ်ရှားပေးရန် တိုက်တွန်းခဲ့သည်။ ယင်းကဲ့သို့ ပိတ်ဆို့မှုအပြီး ယီမင်သူပုန်များ ထိန်းချုပ်ထားသော ဒေသများတွင် လောင်စာဈေးနှုန်းသည် ရာခိုင်နှုန်း ၆၀ အထိ မြင့်တက်ခဲ့ပြီး ဟင်းချက်ဂက်စ်ဈေးနှုန်းသည် နှစ်ဆမြင့်တက်ခဲ့ကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးရုံး (OCHA) မှ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။