ရန်ကုန်မီးရထား မြို့ပတ်လမ်းပိုင်းရှိ သမိုင်းဘူတာဈေးနှင့် တညင်းကုန်းဘူတာဈေးကို အန္တရာယ်ရှိသည် ဟုဆိုကာ ပြောင်းရွှေ့မည်

မီးရထားလမ်းနှင့် နီးကပ်သဖြင့် ပြောင်းရွှေ့ခံရမည့် တညင်းကုန်းဈေးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန် မီးရထားမြို့ပတ် လမ်းပိုင်းရှိ  သမိုင်းဘူတာဈေးနှင့် တညင်းကုန်းဘူတာ ဈေးနှစ်ခုကို ပြောင်းရွှေ့မည် ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း (၇) ရန်ကုန်မှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

မီးရထားဘူတာရုံ ဧရိယာ၊ မီးရထားသံလမ်းအနီး၊ ရထားလမ်းနှင့် မလွတ်သည့်နေရာများတွင် ပျံကျဈေးသည်များ ဝင်ရောက်ရောင်းချနေမှုကြောင့် အများပြည်သူအန္တရာယ် ဖြစ်စေနိုင်သည့်အပြင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်း စတင်သည့်အချိန်တွင် မဖြစ်မနေ ပြောင်းရွှေ့ပေးရမည် ဖြစ်သည့်အတွက် ထိုသို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“မီးရထားလမ်းနဲ့ မလွတ်တဲ့ဈေးက သမိုင်းဘူတာဈေးနှင့် တညင်းကုန်းဘူတာဈေး နှစ်နေရာရှိတယ်။ မီးရထား၊ ဘူတာရုံတွေပေါ်မှာ၊ ရထားလမ်းနဲ့ မလွတ်တဲ့ နေရာတွေမှာ ရောင်းချနေတာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းတွေ စတင်မယ်ဆိုရင် မဖြစ်မနေ ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်” ဟု ဦးဇော်လွင်က ပြောကြားသည်။

“မြို့ပတ်ရထား အဆင့်မြှင့်တင်မှု လုပ်မယ်ဆိုရင် ကျွန်တော်တို့က လက်ရှိဈေးရောင်းချတဲ့ သူတွေနဲ့၊ ဈေးဝယ်တဲ့ ပြည်သူတွေနဲ့၊ ရထားတွေမောင်းမှာနဲ့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူး။ ဘေးအန္တရာယ်အလွန် များပါတယ်။ ရထားတိုက်မိတာတွေ၊ ချိတ်မိတာတွေ စသဖြင့် အများကြီး ဖြစ်ပေါ်နိုင်တယ်။ အဲဒီအတွက် ရထားသွားလာမှုနဲ့ လွတ်လွတ်ကင်းကင်း ဖြစ်တဲ့နေရာကို ပြောင်းပေးဖို့အတွက် သမိုင်းဘူတာဈေးကိုတော့ စီစဉ်ဆောင်ရွက်ပေးနေပါပြီ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သမိုင်းမီးရထား ဘူတာနှင့် အင်းစိန်ဘက်ခြမ်းရှိ ခုံးကျော်တံတားကြား မီးရထားပိုင် မြေနေရာတွင် သမိုင်းဘူတာ ဈေးသစ်ကို တည်ဆောက်မည်ဖြစ်ပြီး ခုံးကျော်တံတားနှင့် ပေ ၂၀၀ အကွာရှိ မြေဧရိယာ ပေ ၄၅၀ နှင့် ပေ ၇၀ အကျယ်အဝန်းတွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သမိုင်းဘူတာ ပျံကျဈေးသည်များစာရင်း ကောက်ယူထားမှုအရ ဈေးသည် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

“တညင်းကုန်းကလည်း သူကမလွတ်ဘူး။ ရထားဘူတာမှာ ဈေးဖြစ်နေတယ်။ ဈေးဝယ်တဲ့သူတွေနဲ့ ဈေးရောင်းတဲ့သူတွေ ရှုပ်ယှက်ခတ်ပြီးတော့မှ ရထားပေါ်က ခရီးသည် ဆင်းဖို့၊ တက်ဖို့တောင်မှ မလွယ်ဘူး ဖြစ်နေတယ်။ ဒါကိုလည်း ကျွန်တော်တို့ ရွှေ့ပြောင်းဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

တညင်းကုန်းဘူတာ ဧရိယာတွင် ရောင်းချနေသော ဈေးသည်များကိုလည်း အသစ်တည်ဆောက်နေသည့် တညင်းကုန်းဈေးသစ်တွင် ရွှေ့ပြောင်း နေရာချပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးကိုယ်စားလှယ် အချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

သမိုင်းဘူတာရုံဈေး ပြောင်းရွှေ့မှုအတွက် မြန်မာ့မီးရထားက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး တညင်းကုန်းဘူတာ၊ မီးရထားသံလမ်း နံဘေးတွင် ရောင်းချနေသော ပျံကျဈေး ပြောင်းရွှေ့ရေးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။