၂၀၁၇ ခုနှစ် ကိုးလအတွင်း မြန်မာနိုင်ငံတွင် ကားသစ်စီးရေ ၅,၃၆၉ စီး ရောင်းချနိုင်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက်နည်းသော်လည်း အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်

 

ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်းတစ်ခုအား တွေ့ရစဉ်

၂၀၁၇ ခုနှစ် ကိုးလအတွင်း (စက်တင်ဘာလအထိ) မြန်မာနိုင်ငံတွင် ကားသစ်စီးရေ ၅,၃၆၉ စီး ရောင်းချနိုင်ခဲ့ပြီး ဒေသတွင်း နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အရေအတွက်နည်းသော်လည်း အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်နေကြောင်း ASEAN Automotive Federation မှ နိုဝင်ဘာ ၇ ရက်တွင်ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှုပမာဏမှာ အင်ဒိုနီးရှားတွင် ၈၀၃,၇၅၇ စီး၊ ထိုင်းတွင်၆၂၀,၇၁၅ စီး၊ မလေးရှားတွင် ၄၂၅,၇၁၁ စီး၊ ဖိလစ်ပိုင်တွင် ၃၀၂,၈၆၉ စီး၊ ဗီယက်နမ်တွင် ၁၈၄,၈၃၁ စီး၊ စင်ကာပူတွင် ၈၄,၂၂၉ စီး၊ ဘရူနိုင်းတွင် ၈,၇၉၀ စီး၊ မြန်မာတွင် ၅,၃၆၉ စီးဖြစ်ပြီး ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများတွင် ရောင်းအား အနည်းအများအလိုက် တိုးတက်ခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ကိုးလအတွင်း လအလိုက်ရောင်းချရသည့် ကားသစ်စီးရေမှာ ဇန်နဝါရီတွင် ၄၀၅ စီး၊ ဖေဖော်ဝါရီတွင် ၄၃၆ စီး၊ မတ်တွင် ၆၉၇ စီး၊ ဧပြီတွင် ၃၈၀၊ မေတွင် ၆၄၃ စီး၊ ဇွန်တွင် ၆၃၄ စီး၊ ဇူလိုင်တွင် ၆၀၈ စီး၊ သြဂုတ်တွင် ၇၉၀၊ စက်တင်ဘာတွင် ၇၇၆ စီး ရောင်းချခဲ့ရပြီး ယခင်နှစ် ကာလတူထက် ၂,၃၈၇ စီး ပိုမိုရောင်းချခဲ့ရပြီး တိုးတက်မှုနှုန်း ရာခိုင်နှုန်း ၈၀ ဖြင့် အာဆီယံနိုင်ငံများတွင် ထိပ်ဆုံးရောက်နေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄,၂၀၀ ဝန်းကျင်ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် ကားသစ်စီးရေ ၇,၅၀၀ ဝန်းကျင် ရောင်းချရမည်ဟု မျှော်မှန်းထားသည်။ ကားသစ်များရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာဈေးကွက်သည် ထွန်းသစ်စ ဈေးကွက်တစ်ခုဖြစ်ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း  ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏတိုးတက်မှုလည်း အာဆီယံနိုင်ငံများအနက် အမြင့်ဆုံးဖြစ်နေသည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ် တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံး အနေဖြင့် ယခင်နှစ်ကထက် ၀ ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက သုံးဆကျော်တိုးတက်ခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားတပ်ဆင်ထုတ်လုပ်မှု ပမာဏမှာ ထိုင်းက ၁,၄၇၇,၇၄၄ စီး၊ အင်ဒိုနီးရှားက ၉၀၃,၄၀၂ စီး၊ မလေးရှားက ၃၈၁,၁၇၁ စီး၊ ဗီယက်နမ်က ၁၄၆,၀၀၉ စီး၊ ဖိလစ်ပိုင်က ၁၁၂,၁၇၁ စီး၊ မြန်မာက ၃,၂၆၄ စီးဖြစ်ပြီး မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ မှလွဲ၍ ကျန်နိုင်ငံများတွင် ထုတ်လုပ်မှုပမာဏ တိုးတက်ခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ကိုးလအတွင်း လအလိုက်တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ဇန်နဝါရီတွင် ၁၁၄ စီး၊ ဖေဖော်ဝါရီတွင် ၁၆၇ စီး၊ မတ်တွင် ၃၄၈ စီး၊ ဧပြီတွင် ၂၀၀ ၊ မေတွင် ၃၄၄ စီး၊ ဇွန်တွင် ၄၁၆ စီး၊ ဇူလိုင်တွင် ၄၇၈ စီး၊ သြဂုတ်တွင် ၅၅၉ စီး၊ စက်တင်ဘာတွင် ၆၃၈ စီး ရောင်းချခဲ့ရပြီး ယခင်နှစ်ကာလတူထက် ၂,၅၀၄ စီး ပိုမိုတပ်ဆင် ထုတ်လုပ်ခဲ့ပြီး တိုးတက်မှုနှုန်း ၃၂၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အာဆီယံနိုင်ငံများအနက် ထိပ်ဆုံးရောက်နေခြင်းဖြစ်သည်။