ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နိုင်ငံတော်သမ္မတမှ ပေးပို့ထားသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရေးကိစ္စနှင့် စပ်လျဉ်းပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုဝင်ဘာ ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံနိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၉ ခုနှစ်တွင် မူကြမ်းရေးဆွဲခဲ့ကြောင်း၊ ယင်းသဘောတူညီချက် မူကြမ်းရရှိရန်အတွက် အချိန်ယူပြီး ဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၄၊ ၂၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်ခဲ့သည့်အစည်းအဝေးမှ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အပြီးသတ်ရေးဆွဲပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၏ သဘောတူညီချက်ရယူပြီး (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြောင်း ပြောကြားသည်။

ယခုလက်မှတ်ရေးထိုးမည့် အာဆီယံသဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုမပါရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီး၏ နိုင်ငံတွင်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့်အညီ သဘောတူညီချက်ပါ သတ်မှတ်ဖော်ပြထားသည့် ကတိကဝတ်များကို ကျင့်ဝတ်အရ လေးစားလိုက်နာနိုင်ရန်အတွက် ရေးဆွဲထားသည့် အာဆီယံသဘောတူညီချက်သာဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်ထွက်ရှိလာပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် စံသတ်မှတ်ချက်တစ်ခု ရှိလာမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားအနေနှင့်လည်း အာဆီယံဒေသတွင်း ရွှေ့ပြောင်းသွားလာရာတွင် အာဆီယံနိုင်ငံများ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိခံစားလာနိုင်ရန် ရည်ရွယ်ကာ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အခြားအာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့ ပြောကြားခဲ့သည်။