MPU ကတ်အသုံးပြုသူအချင်းချင်း ATM စက်အသုံးပြု၍ မည်သည့်ဘဏ်သို့မဆို ငွေလွှဲပြောင်းခြင်းကို ၂၀၁၈ နှစ်ဆန်းပိုင်း စတင်နိုင်ရန်စီစဉ်

MICT Park တွင်ရှိသော ATM စက်များတွင် အသုံးပြုနေသူအချို့ကို တွေ့ရစဉ်

MPU ကတ်အသုံးပြုသူအချင်းချင်း ATM စက်အသုံးပြု၍ မည်သည့်ဘဏ် ဝန်ဆောင်မှုအသုံးပြုသူသို့မဆို ငွေလွှဲပြောင်းနိုင်ခြင်း ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း စတင်နိုင်ရန်စီစဉ်လျက်ရှိကြောင်း Myanmar Payment Union (MPU) မှသိရသည်။

“ဒီဝန်ဆောင်မှုက MPU ကတ်နဲ့ ATM စက်ကိုအသုံးပြုပြီး ဘယ်ဘဏ်ရဲ့ဝန်ဆောင်မှုကို သုံးတဲ့သူဖြစ်ဖြစ် ငွေလွှဲလို့ရလာမှာပါ။ ၂၀၁၈၊ ဇန်နဝါရီမှာ စတင်နိုင်ဖို့တော့ မျှော်မှန်းထားပါတယ်။ လွှဲနိုင်တဲ့ငွေပမာဏတော့ အကန့်အသတ်ရှိမှာပါ။ မိုဘိုင်းဆော့ဖ်ဝဲအသုံးပြုတာ၊ အွန်လိုင်းကနေ စစ်ဆေးတာတွေကတော့ ဘဏ်တွေရဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။ အခုဝန်ဆောင်မှုကတော့ ဒါမျိုးမဟုတ်ပါဘူး” ဟု MPU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

MPU ကတ်အချင်းချင်း ATM စက်များကိုအသုံးပြု၍ ငွေလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် ပေးချေမှုဆိုင်ရာနည်းပညာများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး အဆိုပါငွေလွှဲပြောင်းမှုစနစ်များကို အသုံးပြုလိုသောဘဏ်များအနေဖြင့် MPU သို့ လာရောက်ချိတ်ဆက်မှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာမြှင့်တင်မှုများကို ဗဟိုဘဏ်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ငွေပေးချေမှုများအတွက် ကတ်စနစ်အသုံးပြုခြင်းကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကတ်စနစ်ဖြင့် ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်ပါက ဘဏ်သို့သွားရောက်ရန်မလိုဘဲ အချိန်ကုန်သက်သာစေမည်ဟု ဆိုသည်။

လက်ရှိတွင် MPU ဝန်ဆောင်မှုများအနေဖြင့် MPU Debit ကတ်ပေါင်း ၃ ဒသမ ၅ သန်းကျော်၊ MPU Credit ကတ်ပေါင်း ၆၀,၀၀၀ ကျော်၊ Co-Brand ကတ်ပေါင်း ၈၀,၀၀၀ ကျော်အထိ သုံးစွဲမှုရှိလာကြောင်း သိရသည်။ ATM စက်အရေအတွက် စုစုပေါင်း ၃၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် Mobile Banking ဝန်ဆောင်မှုများ တွင်ကျယ်လျက်ရှိသော်လည်း တူညီသော ဘဏ်အကောင့်အချင်းချင်းသာ ငွေလွှဲပြောင်းမှုများ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ထိုသို့လွှဲနိုင်ရန်အတွက်လည်း တိကျသောအချက်အလက်များဖြင့် မိမိလွှဲလိုသောအကောင့်ကို မိမိ၏မိုဘိုင်းဆော့ဖ်ဝဲတွင် အရင်ဦးဆုံး ပေါင်းထည့်ခြင်းများကို လုပ်ဆောင်ရသည်။

“ပိုကောင်းတဲ့ ဝန်ဆောင်မှုအသစ်တွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာ MPU ကတ်ကို မတူညီတဲ့ ATM စက်တွေမှာအသုံးပြုတဲ့အခါ အဆင်မပြေတာတွေရှိနေသေးတယ်။ အဆင်ပြေပြေ ချောချောမွေ့မွေ့ အသုံးပြုနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု MPU ကတ်အသုံးပြုသူတစ်ဦးက ဝေဖန်ပြောကြားသည်။