သရုပ်ဆောင် နိုင်းနိုင်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် နိုင်းနိုင်းနှင့် တွေ့ဆုံခြင်း

အနုပညာလောကအတွင်း ဖြတ်သန်းလာခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်းတွင် ဖြည်းဖြည်းမှန်မှန် အနုပညာခြေလှမ်းများဖြင့် ချီတက်လာခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူမှာ သရုပ်ဆောင်နိုင်းနိုင်းပင် ဖြစ်သည်။ အောင်မြင်ပျော်ရွှင်သည့် ကိုယ်ပိုင်မိသားစုဘဝနှင့် အနုပညာ ဖန်တီးမှုများအကြား ဟန်ချက်ညီညီ ထိန်းညှိနေသူတစ်ဦးလည်း ဖြစ်သည်။ From Bangkok to Mandalay  ဇာတ်ကား၏ ဒါရိုက်တာ Chartchai ရိုက်ကူးလျက်ရှိသည့် ဒုတိယမြောက် မြန်မာဇာတ်ကားဖြစ်သော လိပ်ပြာစံအိမ်ဇာတ်ကားတွင် ဓာတ်ပုံဆရာ အယ်ဒီတာ တစ်ဦးအဖြစ်ပါဝင်လျက်ရှိသည့် သရုပ်ဆောင်နိုင်းနိုင်းနှင့် တွေဆုံကာ ယင်းဇာတ်ကားတွင် ပါဝင်ရန်ပြင်ဆင်ထားမှုများ၊ ပရိသတ်စိတ်ဝင်စားလျက်ရှိသည့် ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားနှင့်ပတ်သက်သည့် အကြောင်းအရာများ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားတစ်ကားလုံး ထွက်လာတဲ့အခါမှ Result ကို သိရရင်တော့ ပိုပျော်မိမှာပဲ။ ရင်လည်းရင်ခုန်ပါတယ်’

 

■ မေး - လိပ်ပြာစံအိမ်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့်အပိုင်းလေး အရင်ဆုံးသိချင်ပါတယ်ရှင့်။

■ ဖြေ - ဒီဇာတ်ကားမှာ ဓာတ်ပုံဆရာ၊ အယ်ဒီတာတစ်ယောက်အနေနဲ့ သရုပ်ဆောင်နေတာပါ။

■ မေး - အဲဒီအတွက် ဘာတွေများ အဓိက ဘာတွေပြင်ဆင်ထားလဲ။

■ ဖြေ - အဓိကတော့ ကင်မရာနဲ့ပတ်သက်တဲ့ အယူအဆတွေ လေ့လာထားတယ်။ ကာရိုက်တာနဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုတွေကိုလည်း သူတို့ဘက်က ပြင်ဆင်ပေးထားတဲ့အတွက် ကျွန်တော်ကတော့ ဇာတ်ကောင်စရိုက်ရဲ့ ခံစားမှုကို စိတ်ထဲမှာ ထည့်ထားရုံပဲပေါ့။

■ မေး - ထိုင်းဒါရိုက်တာနဲ့ တွဲဖက်ရိုက်ကူးမှာဆိုတော့ ဘယ်လိုထူးခြားတဲ့ အတွေ့အကြုံတွေရမယ်လို့ မျှော်လင့်ထားလဲ။

■ဖြေ - ကျွန်တော့်အတွက်ကတော့ အတွေ့အကြုံသစ်တစ်ခုပါ။ ဘယ်လိုဒါရိုက်တာပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ဆောင်သွားပါမယ်။

■ မေး - ဇာတ်လမ်းပုံစံကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။

■ ဖြေ - လိပ်ပြာစံအိမ်ကတော့ မိသားစုမေတ္တာဖွဲ့ ဒရာမာလည်းပါမယ်။ ဝိညာဉ်အကြောင်းအရာလည်း ပါပါမယ်။ ရန်ကုန်နဲ့ရေနံချောင်းမှာ အဓိကထား ရိုက်ကူးသွားမှာပါ။

■ မေး - နိုင်ငံတကာက အနုပညာရှင်တွေနဲ့ ပြည်တွင်းက အနုပညာရှင်တွေ အနုပညာပူးပေါင်း ဖန်တီးမှုတွေ များလာတယ်။ အဲဒီအပေါ် ဘယ်လိုထင်ပါလဲရှင့်။

■ ဖြေ - အကျိုးရလဒ်ကတော့ အပြောင်းအလဲတွေတော့ ဖြစ်လာမယ်လို့ ထင်တယ်။ သူတို့ဘက်ကဘယ်လို နည်းပညာတွေ အသုံးပြုဖန်တီးကြလဲ၊ ရုပ်ရှင်ကားတစ်ကားဖန်တီးရာမှာ ဘယ်လိုဖန်တီးလေ့ရှိလဲ၊ ကျွန်တော်တို့ဖန်တီးတာနဲ့ ဘာတွေကွာခြားလဲဆိုတာ သိခွင့်ရလာမယ်။ ဒါတွေက ထုတ်လုပ်သူတွေရဲ့ စိတ်ကူးတွေပေါ့နော်။ မြန်မာနိုင်ငံက ဒါရိုက်တာတွေလည်း သူ့ဘာသာ အားလုံးတော်ကြတာပဲလေ။ ကောင်းကြတာပဲလေ။ နိုင်ငံတကာမှာ ဘယ်လို ဖန်တီးကြတယ်ဆိုတာ လေ့လာဖို့အတွက် အခုလိုပူးပေါင်းရိုက်ကူးတယ်လို့ ထင်ပါတယ်။

■ မေး - ဒီဇာတ်ကားကို ရိုက်ကူးပြီးသွားရင်ရော ဘယ်နေရာတွေမှာ ရုံတင်ပြသသွားမှာလဲ။

■ ဖြေ - သူတို့ကတော့ လောလောဆယ် ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။ မြန်မာနဲ့ ထိုင်းမှာလည်း ပြသသွားမှာပါ။

■ မေး - နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေထိ ရည်ရွယ်တယ်ဆိုတော့ ပိုပြီးတာဝန်ကြီးတယ်လို့ ယူဆလား။

■ ဖြေ - ကိုယ့်အနေနဲ့ကတော့ ဘယ်ကားမဆို တာဝန်ကြီးတယ်လို့ပဲ ခံယူပါတယ်။ နိုင်ငံတကာပဲပြပြ၊ ပြည်တွင်းပဲပြပြ ကိုယ့်အနေနဲ့ အပြည့်အ၀ အားထုတ်နိုင်အောင် ကြိုးစားပါတယ်။ ဇာတ်ကားတိုင်းမှာတော့ လုပ်ခွင့်ရတဲ့အပေါ်မှာ အပြည့်အဝတာဝန်ကျေအောင် ကြိုးစားခဲ့တာချည်းပါပဲ။

■ မေး - ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားက ဘယ်တော့လောက် ကြည့်ခွင့်ရတော့မလဲ။

■ ဖြေ - အဲဒီဇာတ်ကားက ဆင်ဆာထိထားတာလေးတွေ နည်းနည်းပြင်ဆင်ရိုက်ကူးဖို့ ကျန်နေပါတယ်။ ပြီးရင်တော့ ဆယ်တန်းစာမေးပွဲအပြီးလောက်မှာ ရုံတင်ပြသသွားမှာပါ။

■ မေး - ဒီဇာတ်ကားက တစ်မိနစ်စာဗီဒီယိုဖိုင်လ်မှာကတည်းက ပရိသတ်စိတ်ဝင်စားမှု များတယ်ပေါ့နော်။ အဲဒီအပေါ် ခံစားမှုကို ပြောပြပါဦး။

■ ဖြေ - အဲဒီအတွက် ဝမ်းသာသလိုပျော်လည်း ပျော်ပါတယ်။ ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားတစ်ကားလုံး ထွက်လာတဲ့အခါမှ Result ကိုသိရရင်တော့ ပိုပျော်မိမှာပဲ။ ရင်လည်း ရင်ခုန်ပါတယ်။ ဒီကားက ကျွန်တော်တို့ ဖန်တီးသူတွေအားလုံး သေချာအချိန်ယူဖန်တီးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

■ မေး - ဒီဇာတ်ကားပြီးရင်ရော ဘာထပ်ရိုက်ဖို့ရှိဦးမလဲ။

■ ဖြေ - ကျွန်တော်ကို စတီးလ်နဲ့တစ်ကားရှိပါတယ်။ ရိုက်ဖို့ပြင်ဆင်ထားပါတယ်။ အဲဒီဇာတ်ကားကလည်း ဇာတ်လမ်းပိုင်းကအစ သေချာလေးပြင်ဆင်ထားတဲ့ ဇာတ်ကားပါ။

■ မေး -  ဒီနှစ်ထဲမှာ ဇာတ်ကားဘယ်နှကားလောက် ရိုက်ဖြစ်ခဲ့လဲ။

■ ဖြေ - ဒါရိုက်တာဂျိုးနဲ့တစ်ကားက Post recording အသံပြန်သွင်းဖို့ ကျန်သေးတယ်။ အခုဒီဇာတ်ကားပေါ့။ ပြီးရင် ကိုစတီးလ်နဲ့ တစ်ကားရိုက်ပါမယ်။

■ မေး - မိသားစုဆီ ဘယ်တော့လောက်ပြန်ဖို့ရှိမလဲ။

■ ဖြေ - မိသားစုဆီက ဒီဇင်ဘာမကုန်ခင် ခရစ္စမတ်အပြီး ပြန်ဖြစ်ပါမယ်။ ကြားထဲမှာတော့ အနုပညာအလုပ်တွေလုပ်ဖို့ လက်ခံထားတာတွေ၊ ပြင်ဆင်ထားတာတွေရှိတဲ့အတွက် အဲဒါလေးတွေ အပြီးသတ်ပြီးမှ ပြန်ဖြစ်မှာပါ။

■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလေးတွေရှိရင် ပြောပေးပါဦး။

■ ဖြေ - အခွင့်အရေးရသလောက် အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေပါတယ်။ အားပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်အနုပညာ ဖန်တီးမှုတွေလည်း အားပေးဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။ အနုပညာဖြတ်သန်းမှု ခရီးလမ်းရှည်တစ်လျှောက် လုံးမှာအားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားပါဦးမယ်။