YBS ယာဉ်များတွင် အဆင်မပြေမှုများရှိပါက YBS Page မှတစ်ဆင့် တိုင်ကြားရန်နှင့် တိုင်ကြားချက်များကို မှတ်တမ်းနှင့်တကွ ထိထိရောက်ရောက် အရေးယူမည်

YBS ယာဉ်များတွင် အဆင်မပြေမှုများရှိပါက YBS Page မှတစ်ဆင့် တိုင်ကြားရန်နှင့် တိုင်ကြားချက်များကို မှတ်တမ်းနှင့်တကွ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ယင်းလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၆ ရက်က ကြေညာထားသည်။

YBS ယာဉ်များတွင် အဆင်မပြေမှုများရှိပါက YBS လူမှုကွန်ရက်စာမျက်နှာမှ တိုင်ကြားပေးရန်၊ တိုင်ကြားမည့်ယာဉ်နံပါတ်၊ ရက်စွဲအတိအကျ တိုင်ကြားပေးရန်၊ တိုင်ကြားချက်များကို မှတ်တမ်းနှင့်တကွ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း YBS ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲ (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းသည့်နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်မှုများကို အောက်တိုဘာ ၁၇ ရက်ကစတင်ကာ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ကာ လိုအပ်သည့်အရေးယူမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက် နံနက်က YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် ယာဉ်ရပ်မှတ်တိုင်များဖြစ်သည့် မြေနီကုန်းမှတ်တိုင်၊ ဒေါပုံသင်္ဘောကျင်းမှတ်တိုင်၊ ပြည်ထောင်စုလမ်း၊ ယောက်ကော်မှတ်တိုင်၊ ပါရမီမီးပွိုင့်ထောင့်၊ သန်လျင်၊ လက်မှတ်ဂိတ်မှတ်တိုင်၊ တာမွေဗလီမှတ်တိုင်၊ သုဝဏ္ဏလမ်းဆုံ၊ ကပရဝင်းရှေ့၊ လှည်းကူးဈေးရှေ့တို့တွင် YBS ယာဉ်လိုင်းများကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းသည့်နေရာများနှင့် ယာဉ်ရပ်မှတ်တိုင်များဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၊ လေးထောင့်ကန်လမ်း (ကုလားစုမှတ်တိုင်၊ ကားကြီးဂိတ်မှတ်တိုင်)၊ အောက်ဘုရင့်နောင်လမ်းမကြီး၊ သာကေတ (၁ ဈေးကွေ့၊ သဒ္ဒါရုံမှတ်တိုင်) တို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်တွင် YRTA (ယာဉ်စည်းကမ်း) အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းသည့်နေရာများနှင့် ယာဉ်ရပ်မှတ်တိုင်များဖြစ်သည့် လှည်းတန်းမှတ်တိုင်၊ သန်လျင် (ဘုရားကုန်းမှတ်တိုင်၊ ဆေးရုံလမ်း)၊ မ/ဥက္ကလာပ ခြောက်ကွေ့မှတ်တိုင်၊ အဝိုင်းမှတ်တိုင်)၊ စမ်းချောင်း (ရှမ်းလမ်းမှတ်တိုင်)၊ အမှတ် (၂) လမ်းမကြီး (ညောင်နှစ်ပင်မှတ်တိုင်)၊ တာမွေဈေးတို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခင်မထသအမည်အား YBS အမည်သို့ပြောင်းလဲကာ သယ်ယူပို့ဆောင်ရေးစနစ်အား လုပ်ကိုင်လာခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။