သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ မူလတောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား အငြင်းပွားမှုများကို ပြန်လည်စိစစ် ဖြေရှင်းပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

နိုဝင်ဘာ ၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က အဆိုတင်သွင်းနေသည်ကို သတင်းရယူနေမှုအား တွေ့ရစဉ်

သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီများဖြင့် ပြန်လည်စိစစ် ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။

၎င်းအဆိုကို နေပြည်တော်တွင် နိုဝင်ဘာ ၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကနီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ တက်လာပြီး နောက်ပိုင်းတွင် သိမ်းဆည်းခံမြေများအရေး ဖြေရှင်းရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ကြောင်း၊ မတရား သိမ်းထားသည့် မည်သည့်မြေမဆို ယခုအစိုးရမှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ဖြင့် ပြန်လည်စိစစ် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ အနေအထားမှာ သစ်တောမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် လွှတ်တော်အတွင်း ဖြေဆိုရှင်းလင်းချက်များမှာ အဆိုပါ ကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ထိခိုက်နေသလားဟု သုံးသပ်ရကြောင်း အဆိုရှင်က ဆွေးနွေးတင်ပြသည်။

“ကျွန်တော်တို့ တောင်သူလယ်သမားများ အနေဖြင့် ခေတ်အဆက်ဆက် ၎င်းတို့ရဲ့ လယ်ယာမြေများကို သိမ်းဆည်းခံရလို့ပဲ ဖြစ်ဖြစ်၊ တိုးပွားလာသော လူဦးရေကြောင့် လုပ်ကိုင်စားသောက်ရန် မြေယာလိုအပ်ချက်ကြောင့်ပဲ ဖြစ်ဖြစ် သစ်တောမြေနှင့် မြေလွတ် မြေရိုင်းတွေမှာ ခုတ်ထွင်ရှင်းလင်းပြီး ကာလအတန်ကြာ လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူတွေဟာ နိုင်ငံ တစ်နံတစ်လျားမှာ အများအပြား ရှိပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူများရဲ့ လယ်ယာမြေတွေပေါ်မှာပဲ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်နဲ့ ဌာနဆိုင်ရာတွေကို လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုး ချထားပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့ တောင်သူလယ်သမားကြီးများဟာ နေရင်းထိုင်ရင်း ကျူးကျော်မှု၊ အကျိုးပျက်စီးမှု စသဖြင့် ပုဒ်မအမျိုးမျိုး တပ်ခံနေကြရသလို ထောင်နန်းစံနေကြရသူတွေလည်း ရှိပါတယ်။ ၎င်းတောင်သူများရဲ့ ဘဝတွေဟာ ယခုအချိန် ကူကယ်သူ မဲ့နေသလိုမျိုး ဖြစ်နေပါတယ်။ တကယ်တော့ တောင်သူများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ သူတို့ ဘဝရဲ့ အသက်၊ သူတို့ ဘဝရဲ့ မျှော်လင့်ချက် အိပ်မက်တွေ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် ရထားသူများဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှု အားအလွန်နည်းသည့်အပြင် မြေလက်ဝါးကြီးအုပ်ရန်လည်း သစ်တော သယံဇာတများကို ထုတ်ယူရန်အတွက် ရယူလုပ်ကိုင်နေကြခြင်း ဖြစ်ပါတယ်။ မူလ လုပ်ကိုင်ခဲ့ကြသော တောင်သူများနှင့် လုပ်ပိုင်ခွင့် ရသူများအကြား မျှတမှန်ကန်မှု မရှိတဲ့ ဖြေရှင်းမှုများ ရှိနေတဲ့အတွက် မှန်ကန်မျှတသော ဖြေရှင်းမှုများ ပေးနိုင်ရန် ဒီအဆိုကို တင်ရခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။

သစ်တောသယံဇာတများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဖြစ်ကြောင်း၊ သင့်လျော်ပါက သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ပေးရန် လိုအပ်ပါက ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း၊ သစ်တောမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက်ပုံစံ အမျိုးမျိုးဖြင့် ခွင့်ပြုထားရာတွင် ဧက ၁၀၀ နှင့်အထက် ခွင့်ပြုထားသော ဧကပေါင်း ၃၃ သိန်းကျော်ရှိေ ကြာင်း၊ သစ်တောမြေတွင် ခွင့်ပြုထားသော ဧကပေါင်း ၁၀ သိန်းကျော်ရှိပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ခွင့်ပြုထားသော ဧကပေါင်း ၂၃ သိန်းကျော် ရှိကြောင်း အဆိုရှင်က ဆွေးနွေး တင်ပြသည်။

ဆက်လက်ပြီး အဆိုရှင်က “ယခုကဲ့သို့ လုပ်ပိုင်ခွင့် ခွင့်ပြုချက် ရရှိထားသူများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စိစစ်လျက် ရှိကြောင်းလည်း သိရပါတယ်။ သို့သော် ဘယ်သူတွေက ဘယ်လောက်အထိ မှန်မှန်ကန်ကန် စိစစ်ပေးမလဲ။ မြေပြင်ပကတိ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဖြစ်ထွန်းစေရန် စိစစ်ဆောင်ရွက်မှုများဖြစ်ရန် လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြေလွတ်၊ မြေရိုင်းထဲမှ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများမှာလည်း ဥပဒေ စည်းမျဉ်း၊ စည်းကမ်း ချိုးဖောက်နေသည့်အပြင် မူလလုပ်ကိုင်နေခဲ့သည့် တောင်သူများကို အကြိမ်ကြိမ် တရားစွဲဆို ဒုက္ခပေးနေမှုများသည် မိမိမဲဆန္ဒနယ်သာမက အခြားသော ဒေသများတွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုရှင် ဦးထွန်းထွန်းနိုင်က ဆိုသည်။

ထို့နောက် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခဲ့ပြီး အဆိုကိုလည်း ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။