ဗြိတိန်ဘုရင်မကြီး၏ ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် သြဇာကြီးသူများ၊ ချမ်းသာသူများ၏ ပြည်ပတွင် လျှို့ဝှက်ရင်းနှီးမြှုပ်နှံမှုများ ပေါက်ကြားခဲ့

အောက်တိုဘာ ၂၄ ရက်က အနောက်လန်ဒန်ရှိ နန်းတော်မြင်းစီးတပ်ရင်းသို့ သွားရောက်ခဲ့သည့် အလစ်ဇဘက် ဘုရင်မ (Photo: AFP)

ဗြိတိန်ဘုရင်မကြီး အလစ်ဇဘက်၏ ပုဂ္ဂလိက အိမ်ခြံမြေလုပ်ငန်း Duchy of Lancaster က အခွန်သက်သာသော ပြည်ပနေရာများတွင် အမြောက်အမြား သွားရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ဘဏ္ဍာရေး အထောက်အထားများ ပေါက်ကြားမှု Paradise Papers က ဖော်ထုတ်ခဲ့သည်။

ထို့ပြင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီဘာရော့စ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အတွင်းစည်းနှင့် ဆက်နွှယ်နေသော သင်္ဘောပို့ဆောင်ရေး လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ဘဏ္ဍာရေး အထောက်အထားများ ပေါက်ကြားမှုက ဖော်ထုတ်ခဲ့သည်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၏ ထိပ်တန်းအကြံပေးဖြစ်ပြီး ရန်ပုံငွေရှာဖွေပေးသူ စတီဖင်ဘရော့မန်းသည် ဒေါ်လာသန်း ၆၀ ခန့်ကို ပြည်ပ၌ ရွှေ့ပြောင်းမြှုပ်နှံထားကြောင်း ယင်းအထောက်အထားများက ဖော်ပြခဲ့သည်။

Paradise Papers ပေါက်ကြားမှုတွင် အထောက်အထား ၁၃ ဒသမ ၄ သန်းခန့် ပါဝင်ပြီး ယင်းအထောက်အထားများကို Bermuda တွင် ရုံးခန်းများရှိသည့် ကမ်းလွန်ဥပဒေလုပ်ငန်း Appleby မှ ရရှိသည့် အထောက်အထားများ အဓိက ပါဝင်ခဲ့သည်။ ပေါက်ကြားမှုကို မီဒီယာကြီး ၁၀၀ ခန့်က စုံစမ်းစစ်ဆေးနေကြသည်။ ဂျာမန်သတင်းစာ suddecutsche Zeitung က Paradise Papers ကို ပထမဆုံး ရရှိခဲ့ပြီး ယမန်နှစ်က ပေါက်ကြားခဲ့သော ပနားမား စာရွက်စာတမ်းများအတွက် အဓိက ဦးဆောင်သူဖြစ်ခဲ့သော အမေရိကန် အခြေစိုက် International Consortium of Investigative Journalists (ICIJ) နှင့် အခြားမီဒီယာများကို မျှဝေခဲ့သည်။ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီပေါင်းများစွာ၏ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ အထောက်အထားများကို ဆက်လက်ထုတ်ပြန်မည်ဖြစ်သည်။

နိုင်ငံရေးသမားများ၊ နိုင်ငံစုံ ကုမ္ပဏီကြီးများ၊ ထင်ရှားကျော်ကြားသူများ၊ အလွန်ကြွယ်ဝချမ်းသာသူများသည် ဖောင်ဒေးရှင်းများ၊ အမည်ခံ ကုမ္ပဏီများအား ခက်ခဲရှုပ်ထွေးစွာ တည်ဆောက်ဖွဲ့စည်းပြီး ယင်းတို့ကို အသုံးပြု၍ ၎င်းတို့၏ ငွေကြေးများကို အခွန်ပေးဆောင်ရမှုမှ ကာကွယ်ရန်အတွက် ဆောင်ရွက်မှုကို ပေါက်ကြားမှုက အဓိက အာရုံစိုက်မည်ဖြစ်သည်။

ကနဦး ပေါက်ကြားမှုများတွင် အဲလိဇဘက် ဘုရင်မကြီး၏ ငွေကြေးများမှ ဒေါ်လာ ၁၃ သန်းခန့်ကို Cayman Islands နှင့် Bermuda တို့တွင် ရင်းနှီးမြှုပ်နှံထားမှုကို ဘီဘီစီနှင့် ဂါးဒီးယန်းတို့က ပထမဆုံး ဖော်ပြခဲ့ကြသည်။

Ref: AFP