တောင်သူလယ်သမားများဥပဒေပါ အခွင့်အလမ်း၊ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဟင်္သာတမြို့၌ ပြုလုပ်

တောင်သူလယ်သမားများဥပဒေပါ အခွင့်အလမ်း၊ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဟင်္သာတမြို့၌ ပြုလုပ်စဉ်

တောင်သူလယ်သမားများဥပဒေပါ အခွင့်အလမ်း၊ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဟင်္သာတမြို့ မြို့တော်ခန်းမ၌ နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီ တောင်သူလယ်သမားဖွံ့ဖြိုးရေး သင်တန်းကျောင်း (GPI) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနက aတာင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဦးစားပေးပြီးဆောင်ရွက်တဲ့ဌာန ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားကျင်းပပေးတဲ့အတွက် တောင်သူလယ်သမားတွေနဲ့ ချိတ်ဆက်မှု ပိုမိုအားကောင်းပါတယ်။ တောင်သူလယ်သမားများကလည်း မျိုးထုတ်လုပ်မှုမှာ စိတ်ပါဝင်စားလာပြီး ကျွန်တော်တို့ စိုက်ပျိုးaရးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ပညာပေးဆွေးနွေးမှုများကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီလိုပွဲတွေလုပ်ခြင်းအားဖြင့် တောင်သူလယ်သမားများနဲ့ ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာန ပိုပြီးနီးစပ်လာပြီး ဒီထက်မက တောင်သူလယ်သမားများ စိတ်ပါဝင်စားလာပြီးတော့ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ ပိုပြီးတိုးတက်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်” ဟု ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစန်းဝင်းက ပြောကြားသည်။

ဆွေးနွေးပွဲ၌ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များမှ တောင်သူလယ်သမားများနှင့် ထွေအုပ်၊ မြေစာရင်း၊ သစ်တော၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ဆည်မြောင်း၊ စိုက်ဘဏ် စသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“အဓိက,ကတော့ မြေယာနဲ့ မြေလွတ် မြေလပ် မြေရိုင်းတွေ၊ သစ်တောကိစ္စတွေ၊ ဒေသတွင်းမှာ ခက်ခဲနေတဲ့ဟာတွေကို လက်ရှိဥပဒေနဲ့ ဘယ်လောက်အထိကိုက်ညီလဲ၊ မြေလွတ် မြေလပ် မြေရိုင်းဆိုရင်ရော ဒေသခံတွေ တကယ်ရနေတာလား၊ CF ကရော တကယ် ပြည်သူတွေသိပြီး အသုံးချလို့ရနေသလားဆိုတာမျိုးပေါ့။ နောက်တစ်ခုကတော့ DOA နဲ့ ပူးပေါင်းပြီးလုပ်တဲ့ နည်းပညာပေးတဲ့ဟာပေါ့။ ဒီလေးခုကိုအခြေခံပြီး Workshop လုပ်ခြင်းဖြစ်ပါတယ်” ဟု GPI Director ဦးတင်လင်းအောင်က ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေပြင်ဆင်ရေး၌ ဒေသခံများ၏အသံ ပါဝင်နိုင်ရေးအတွက် ဆွေးနွေးပွဲများမှ အချက်အလက်များကိုပြုစုကာ ပြည်သူ့လွှတ်တော် သက်ဆိုင်ရာရေးရာကော်မတီများထံ တင်ပြသွားရန်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။