မန်ယူတိုက်စစ်မှူး လူကာကူ နောက်ဆုံး(၇)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံး

Photo: Daily Mail

မန်ယူအသင်း၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် နောက်ဆုံး(၇)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သည့်အတွက် ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းနှင့် ထိုက်တန်မှုရှိ၊မရှိ မေးခွန်းထုတ်ခံလာရကြောင်း သိရှိရသည်။

လူကာကူသည် မန်ယူအသင်းအတွက် ပါဝင်ကစားခဲ့သည့် အဖွင့်(၁၀)ပွဲတွင် (၁၁)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ဆုံး(၇)ပွဲတွင်မူ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

သူသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် မန်ယူအသင်းအတွက် နောက်ဆုံးဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းပွဲစဉ်များတွင် ဂိုးပေါက်ပျောက်ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ချယ်လ်ဆီးနှင့်ပွဲစဉ်တွင် ပြိုင်ဘက်ဂိုးဧရိယာအတွင်း၌ ဘောလုံးနှင့်တစ်ကြိမ်မျှ ထိတွေ့ခြင်းမရှိသည်အထိ စွမ်းဆောင်ရည်ကျဆင်းခဲ့ကြောင်းလည်း သိရှိရသည်။

လူကာကူသည် ယခင်ကတည်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနျှင့် ရင်ဆိုင်ရသည့်ပွဲများတွင် ဂိုးကံခေသူတစ်ဦးဟု သတ်မှတ်ခံထားရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းဘက်သို့ ဂိုးသွင်းယူနိုင်ဖူးခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။