ရန်ကုန်တိုင်းအတွင်းရှိ လယ်ဧက ၁၂ သိန်းခန့်ကို အခြားသီးနှံပြောင်းလဲစိုက်ပျိုးရန် စိုက်/မွေး/ဆည် ပြည်ထောင်စုဝန်ကြီးနှင့် သဘောတူညီထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

သန်လျင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားမှုများကို ယခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်ဧက ၁၂ သိန်းခန့်ကို အခြားသီးနှံပြောင်းလဲစိုက်ပျိုးရန် ညှိနှိုင်းပြီးစီးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သဘောတူညီထားပြီးဆိုသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း စပါးစိုက်ပျိုးမှုများအပြင် အခြားပဲသီးနှံအချို့ကိုလည်း စိုက်ပျိုးနေပြီး လက်ရှိတွင် ထိုသို့သီးနှံပြောင်းလဲစိုက်ပျိုးရန် သက်ဆိုင်ရာဦးစီးဌာနများနှင့် ညှိနှိုင်းနေကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“လယ်ယာကဏ္ဍနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်ပြီး Master Plan တစ်ခုကို ရေးဆွဲနေပါတယ်။ ဒီ Master Plan ထွက်မလာခင် ရန်ကုန်ဟာမြို့ပြနဲ့အလွန်နီးပြီး နိုင်ငံတကာအထိကို ပို့ကုန်တွေဖြန့်ကျက်နိုင်တဲ့ Gateway တွေတည်ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့မှာ လယ်စိုက်ပျိုးနေတဲ့ ဧကဟာ ၁၂ သိန်းခန့်ရှိနေပါတယ်။ ဒီ ၁၂ သိန်းမှာ အခြားသီးနှံစိုက်ပျိုးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေပါတယ်။ ဘာကြောင့်လဲဆို ၁၂ သိန်းလောက်ကို အခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးဖို့အခြေအနေဟာ သိပ်ပြီးတော့ အပြောင်းအလဲတစ်ရပ်ကို ကြီးကြီးမားမားမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ အပြောင်းအလဲတစ်ရပ်ဟာ ဘာကိုဆိုသလဲဆိုရင် စပါးစိုက်ကိုစိုက်ရမယ်ဆိုတဲ့ အခြေအနေကြောင့် ဒီ ၁၂ သိန်းလောက် ပြောင်းစိုက်ခြင်းဟာ သိပ်ပြီးတော့ လှုပ်ခတ်မသွားနိုင်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ ဒါကြောင့်မို့ ဒီ ၁၂ သိန်းကို အခြားသင့်တော်ပြီး အောင်မြင်နိုင်တဲ့ သီးနှံတွေပြောင်းလဲစိုက်ပျိုးဖို့ တင်ပြထားပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့သို့ ပြောင်းလဲစိုက်ပျိုးမှုအပြင် လယ်ယာကဏ္ဍနှင့် ပတ်သက်သည့် ဥပဒေနှစ်ရပ်ဖြစ်သော တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးဥပဒေနှင့် လယ်ယာမြေဥပဒေနှစ်ခုအကြား အခက်အခဲဖြစ်နေသည်ကို ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကနှစ်စဉ် ၁၅ သန်းကျော်ရှိနေပြီး လယ်စိုက်ပျိုးမှု ဧက ၁၂ သိန်းခန့် လျော့ကျသွားပါက ဆန်တန်ချိန်တစ်သန်းကျော် အထွက်နှုန်းလျော့သွားမည်ဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုအများဆုံးဖြစ်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ငါးလအတွင်း ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တစ်သန်းကျော်တင်ပို့ထားကာ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းအထိတင်ပို့ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။