သမ္မတ ရှီကျင်ပင်းအား အကြွင်းမဲ့ သစ္စာခံရမည်ဟု တရုတ်စစ်တပ်ကို ဗဟိုစစ်ကော်မရှင်က ညွှန်ကြား

ဇူလိုင် ၃၀ ရက်က တရုတ်စစ်တပ် ထူထောင်မှု နှစ် ၉၀ ပြည့် အခမ်းအနား၌ တပ်ဖွဲ့များအား စစ်ဆေးနေသော သမ္မတ ရှီကျင်ပင်း (Photo: AFP)

တရုတ်ပြည်သူ့စစ် ရဲတပ်ဖွဲ့က ယခုအခါ သမ္မတ ရှီကျင်ပင်းအား ချီးကျူး ဂုဏ်ပြုနေကြချိန်တွင် တရုတ်စစ်တပ်ကလည်း သမ္မတရှီအား အကြွင်းမဲ့ သစ္စာခံရမည်ဟု ဗဟိုစစ်ကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာ ဆယ်စုနှစ်များစွာအတွင်း ရှီသည် တရုတ်၏ သြဇာအကြီးဆုံးခေါင်းဆောင် ဖြစ်လာရန် ပိုမိုခိုင်မာစေခဲ့သည်။

ကမ္ဘာ့အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့သည် သမ္မတရှီအား အကြွင်းမဲ့ သစ္စာခံမှု၊ ရိုးသားမှုနှင့် ယုံကြည်အားထားရမှု ရှိရမည်ဖြစ်ကြောင်း ဗဟိုစစ်ကော်မရှင်၏ ညွှန်ကြားချက်သစ်အား အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။ အင်အားနှစ်သန်းခန့်ရှိသော တရုတ်စစ်တပ်သည် စည်းစနစ်အရ တရုတ်နိုင်ငံထက် အာဏာရ ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ရှိနေသည်။

ဗဟိုစစ်ကော်မရှင်၏ ယင်းညွှန်ကြားချက်အရ ရှီသည် ပြီးခဲ့သောလတွင် ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ၎င်း၏ ကိုယ်ပိုင်အတွေးအမြင်အား ထည့်သွင်းခံရပြီးနောက်ပိုင်း အာဏာချုပ်ကိုင်မှု ပိုမိုခိုင်မာစေရန် တိုးချဲ့မှုဖြစ်ခဲ့သည်။

ရှီကျင်ပင်း အတွေးအမြင်များဟု ခေါ်သော ရှီ၏ နိုင်ငံရေးဆိုင်ရာ အယူအဆများသည် တရုတ်စစ်တပ် ခိုင်မာအားကောင်းစေရန် ညွှန်ကြားနိုင်လိမ့်မည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။ စစ်တပ်သည် ရှီ၏ ကွပ်ကဲမှုအား လိုက်နာခြင်း၊ အမိန့်အား နာခံခြင်း ဆောင်ရွက်သင့်ပြီး ၎င်းအား ပူပန်စေရန် မလုပ်ဆောင်သင့်ကြောင်း ယင်းညွှန်ကြားချက်အား ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်တွင် ဆယ်စုနှစ်များစွာအတွင်း ပါတီ၏ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက စုပေါင်းလုပ်ဆောင်မှုဟု ယူဆရသော ပုံစံဖြင့် အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရှီသည် အာဏာအား တိုးမြှင့်ချုပ်ကိုင်လာခဲ့ပြီး တော်လှန်ရေးခေါင်းဆောင် မော်စီတုန်း၏ ခြေရာအားနင်းရန် ကြိုးပမ်းနေသည်ဟု ရှုမြင်ခံထားရသည်။

Ref: AFP