မြောက်ကိုရီးယားအား စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထရန့် ပြောကြား

နိုဝင်ဘာ ၆ ရက်က တိုကျိုရှိ အာကာဆာကာနန်းတော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေသော အမေရိကန်သမ္မတ ထရန့်(ဝဲ)နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး (Photo: AFP)

ရန်လိုသော မြောက်ကိုရီးယား အစိုးရအား ထိန်းချုပ်ရန် ရွေးချယ်စရာ နည်းလမ်းအားလုံးကို စဉ်းစားသည့် ၎င်း၏ မူဝါဒအား ဂျပန်ထံမှ ထောက်ခံမှု ရခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားအား မဟာဗျူဟာအရ စိတ်ရှည်သည်းခံမှု အချိန်သည် ကုန်ဆုံးသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းအတွက် သံတမန်ရေးရာ ဖြေရှင်းနည်းကို ကျော်လွန်၍ ဝါရှင်တန်က စဉ်းစားနိုင်ပြီး စစ်ရေးစွက်ဖက်မှုကို ရွေးချယ်နိုင်ကြောင်း ထရန့်က ပြောကြားခဲ့ဖူးသည်။

မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းသည် ယဉ်ကျေးသောကမ္ဘာနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း အာရှ ခရီးစဉ် ဒုတိယမြောက်နေ့တွင် ထရန့်က ပြောကြားခဲ့သည်။ မဟာဗျူဟာအရ စိတ်ရှည်သည်းခံမှုခေတ်သည် ကုန်ဆုံးသွားပြီဖြစ်ကြောင်း အိမ်ရှင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယှဉ်တွဲရပ်လျက် ထရန့်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ၎င်း၏နိုင်ငံအား ကျော်၍ ဒုံးများပစ်ခတ်မှုနှင့် နိုင်ငံအား ပင်လယ်ထဲသို့ နစ်မြှုပ်ပစ်မည်ဟု ခြိမ်းခြောက်မှု ကြုံခဲ့ရသည့် ဂျပန်၏ ဝန်ကြီးချုပ် အာဘေးကလည်း ထရန့်၏ အလျှော့မပေးသော ရပ်တည်ချက်အား ထောက်ခံခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများ အပါအဝင် ရန်စသော လုပ်ရပ်များအား ထိန်းချုပ်ရာတွင် ရွေးချယ်စရာ နည်းလမ်းအားလုံး ရှိနေကြောင်း ထရန့်၏ မူဝါဒကို ၎င်းတို့က အမြဲတမ်းထောက်ခံကြောင်း အာဘေးက ပြောကြားခဲ့သည်။

ဂျပန်၏ ပိတ်ဆို့အရေးယူမှုသစ်အရ မြောက်ကိုရီးယား လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၃၅ ခု၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်သွားမည်ဟု အာဘေးက ကြေညာခဲ့သည်။

ပြီးခဲ့သော စက်တင်ဘာတွင် မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးပစ်လွှတ်မှုများစွာ ပြုလုပ်ခဲ့အပြီး ကုလသမဂ္ဂက အထီးကျန် မြောက်ကိုရီးယား အစိုးရအား ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများစွာ ချမှတ်ခဲ့သည်။

ပိတ်ဆို့ အရေးယူမှုသစ်များသည် မြောက်ကိုရီးယားအား ၎င်း၏ လက်နက်စီမံကိန်းများအတွက် အပြစ်ပေးရန်အပြင် ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံသားများအား ပြန်ပေးဆွဲမှု ပြဿနာကို ဖြေရှင်းရန်အတွက် ကြိုးပမ်းရန်လည်း ရည်ရွယ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။ ယင်းကာလများတွင် ဂျပန်နိုင်ငံသား အချို့သည် မြောက်ကိုရီးယား အေးဂျင့်များ၏ ဖမ်းဆီးခြင်း ခံရပြီး သူလျှိုများအဖြစ် လေ့ကျင့်ပေးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သော ဆယ်စုနှစ် လေးခုခန့်က ကျောင်းမှ နေအိမ်သို့ ပြန်လာစဉ် ပြန်ပေးဆွဲခံခဲ့ရသော အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ မီဂူမီယိုကိုတာ၏ မိဘနှစ်ဦးကို ထရန့်က နိုဝင်ဘာ ၆ ရက်နှောင်းပိုင်းတွင် တွေ့ဆုံခဲ့သည်။

အမေရိကန် ဗုံးကြဲလေယာဉ်များက ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်းလေ့ကျင့်မှုနှင့် မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား သို့မဟုတ် ဒုံးစမ်းသပ်နိုင်ဟု စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထရန့်က အာရှခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အာဏာရှင်မျှ အမေရိကန်၏ စိတ်ပိုင်းဖြတ်မှုအား လျှော့မတွက်သင့်ကြောင်း ထရန့်က ၎င်း၏ ခရီးစဉ်အစတွင် နိုဝင်ဘာ ၅ ရက်၌ ပြောကြားခဲ့ရာ မြောက်ကိုရီးယားနှင့် ၎င်း၏ လူငယ်ခေါင်းဆောင် ကင်ဂျုံအွန်တို့ကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်ခြင်း ဖြစ်သည်။

Ref: AFP