လင်မယားချင်း ရန်ဖြစ်သည်ကို ဝင်ရောက်ဖျန်ဖြေသူအား ဓားဖြင့်ခုတ်သတ်ပြီး မိမိနေအိမ်ကို မီးရှို့ဖျက်ဆီးမှု ပဲခူးမြို့နယ်တွင် ဖြစ်ပွား

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင် သပြေရိုးကျေးရွာအုပ်စု တောင်ဆတ်အင်းကျေးရွာ၌ နိုဝင်ဘာ ၄ ရက် ည ၁၀ နာရီခွဲခန့်က လင်မယားချင်း ရန်ဖြစ်နေစဉ် ဝင်ရောက်ဖျန်ဖြေသူအား ဓားဖြင့်ခုတ်သတ်ပြီး မိမိနေအိမ်ကို မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးနယ်မြေ အရန်မီးသတ်စခန်းမှ သိရသည်။

“မီးလောင်တာက ဒီလို။ သူတို့က လင်မယားချင်း စကားများတယ်ဗျာ၊ စကားများတော့ သူ့မိန်းမကို ဓားနဲ့ခုတ်မယ် ဘာညာပြောလို့ ကြားကဝင်ဆွဲတာ၊ ဆွဲတဲ့လူကို ခုတ်လိုက်တယ်။ ခုတ်လိုက်တော့ ဓားကလည်းကောင်းတော့ တစ်ချက်တည်းနဲ့သေသွားတယ်ပေါ့။ သေသွားတော့ ပြန်သွားပြီးတော့မှ ဒီအိမ်မှာ သူ့ မိန်းမနေမယ်။ ဆက်နေနေဦးမှာ ဆိုပြီးတော့

သူတို့ကိုယ်ပိုင်အိမ်ပဲ၊ အဲဒီအိမ်ကို မီးရှို့လိုက်တာ၊ မီးရှို့ပြီးတော့မှ ထွက်ပြေးသွားတာပေါ့နော်။ ကျွန်တော်တို့က မီးလောင်လို့ သတင်းရတယ်ဆိုပြီး ထွက်တာလေ။ ဟိုကျတော့ မီးကကျသွားပြီ။ ကျသွားပြီဆိုပေမယ့် မီးကြွင်း မီးကျန် အဲဒါလေးတွေ ရှင်းထုတ်လိုက်တယ်။ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့ပိုင်တဲ့ကားနဲ့ အဲဒီရုပ်အလောင်းကို ဆေးရုံကိုတင်ပေးတယ်” ဟု ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့တပ်ခွဲမှူး ဦးလှစိုးဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီ ခန့်က တရားလိုဖြစ်သူ ဒေါ်သန်းဌေးသည် နေအိမ်၌ အိပ်နေစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမြင့်နိုင်အား တစ်ရွာတည်းနေ ဝင်းပိုင်က ဓားဖြင့်ခုတ်သောကြောင့် ရွာလယ်လမ်းတွင် လဲကျနေသည်ကို မိဖြူ (ခ) ဖြူဖြူဝင်းက လာရောက်ပြောကြားခဲ့ကြောင်း၊ ထို့နောက် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူမှာ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခဲ့ကြောင်း၊ အနီးတွင်ရှိနေသည့် ဝင်းပိုင်၏ဇနီး မအေးခိုင် အသက် ၃၈ နှစ် (ဘ)ဦးတင် မြင့်အား ဖြစ်စဉ်မေးမြန်းရာ ဝင်းပိုင်နှင့်မအေးခိုင်တို့ လင်မယားချင်း စကားများနေရာသို့ ဦးမြင့်နိုင်က ဝင်ရောက်ဖျန်ဖြေပေးခဲ့ကြောင်း၊ ထိုသို့ဖျန်ဖြေပေးနေသည့် ဦးမြင့်နိုင်အား ဝင်းပိုင်က ဓားဖြင့်ခုတ်လိုက်ပြီး နေအိမ်သို့ပြန်ကာ ဝင်းပိုင်နေထိုင်သော တောင်ထန်းမိုး တောင်ထန်းကာ မြေစိုက်အိမ်အား မီးရှို့ပြီး ထွက်ပြေးသွားခဲ့သည်ကို မအေးခိုင်က ပြောပြခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်သန်းဌေးက တရားလိုလုပ်ကာ ခင်ပွန်းဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဝင်းပိုင်အား ဥပဒေအရ အရေးယူပေးပါရန် ဘုရားကြီးနယ်မြေ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ဘုရားကြီး နယ်မြေရဲစခန်းက အမှုကြီးအမှတ်စဉ် ၃/၂၀၁၇၊ (ပ) ၂၅၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၄၃၆ ဖြင့်အမှုဖွင့်ကာ ဓားဖြင့် ခုတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ဝင်းပိုင်အား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။