အာရှ မာရသွန်ခရီးစဉ်ဖြင့် သံတမန်မိုင်းကွင်းထဲသို့ ဝင်လာသည့် ထရန့်

စေ့စပ်သေချာစွာ စီစဉ်ထားသော ဒေါ်နယ်ထရန့်၏ အာရှခရီးစဉ်တစ်ခုလုံးအတွက် ဖတ်ဖတ်မောနေသော သူ၏အကြံပေးများအား မေးခွန်းတစ်ခုက နှိပ်စက်လျက်ရှိသည်။ နာမည်ပျက်လောက်အောင် စိတ်လိုက်မာန်ပါ လုပ်တတ်သည့် သမ္မတအနေဖြင့် သံတမန်ကျင့်ဝတ်များနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကြိုလင့်နေသော အန္တရာယ်များကို သီတင်းနှစ်ပတ်အတွင်း ကောင်းစွာပြုလုပ်နိုင်မည်လား ဟူ၍ဖြစ်သည်။ Twitter တွင်တင်၍ရေးတတ်သော သူ၏အမူအကျင့်ကလည်း စောင့်ကြည့်ချင်စရာဖြစ်သည်။

သူ၏လေယာဉ်သည် ၁၂ ရက်တာအတွင်း နိုင်ငံပေါင်းငါးနိုင်ငံကို လှည့်လည်ပျံသန်းမည်ဖြစ်ရာ သူ၏မာရသွန်ခရီးစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားအရေးနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများသည် ထိပ်တန်း အာဂျင်ဒါများဖြစ်ကြသည်။

အစီအစဉ်များ ပြည့်သိပ်နေသည့် သူ၏ခရီးစဉ်တွင် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခြင်း၊ ဂျပန်အင်ပါယာတရားရုံးက ကြိုဆိုဧည့်ခံခြင်းတို့အပြင် ကိုးကျင်းဂေါက်သီးကစားခြင်းပင် ပါဝင်နေသည်။

သို့သော် ဒေသတွင်းခေါင်းဆောင်များ နှင့် အလှည့်ကျတွေ့ဆုံခြင်း၌ သူ၏ပုဂ္ဂိုလ်ရေးအရ အဆင်ပြေ မပြေဟူသည့် ကိစ္စသည်သာ ခရီးစဉ် အောင်မြင်ခြင်းရှိမရှိကို ဆုံးဖြတ်ရမည့်အချက် ဖြစ်ဖွယ်ရှိသည်။

ထရန့်သည် ဂျပန်ခေါင်းဆောင် ရှင်ဇိုအာဘေးနှင့် ရင်းနှီးသောဆက်ဆံရေး ရှိထားပြီး တရုတ်ခေါင်းဆောင် ရှီကျင်ပင်းနှင့် ဆက်ဆံရေးသည် အစပိုင်းက အေးခဲခဲ့သော်လည်း နောက်ပိုင်းတွင် ရှီကို သြဇာရှိ၍ လှပသော အံ့သြဖွယ်ရာလူဟုပင် ချီးကျူးသည်အထိ အဆင်ပြေလာခဲ့သည်။

သို့သော် မည်သို့ ကြိုဆိုမည်နည်းဟု  မရေရာသေးသည်မှာ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်ဖြစ်သည်။

တောင်ကိုရီးယားက ထရန့်အား မြောက်ကိုရီးယားအတွက် ရော့ကက်လူသားဟုပင် စွပ်စွဲထားပြီး ဖိလစ်ပိုင်ကို လူ့အခွင့်အရေးဆိုင်ရာကိစ္စ သွားဝေဖန်မိသောကြောင့် သမ္မတရိုဒရီဂိုဒူတာတေးသည် တရုတ်လက်ဝယ် ရောက်ရှိသွားခဲ့သည်။

■ ဂျပန်၊ နိုဝင်ဘာ ၅-၇

မူဝါဒရေးရာအရ ဂျပန်နှင့် အမေရိကန်တို့သည် အလွန်နီးကပ်သော မဟာမိတ်များ ဖြစ်သောကြောင့် ကျွမ်းကျင်သူတစ်ဦးက ထရန့်သည် သူ၏မိတ်ဆွေအာဘေးနှင့် ဂေါက်သီးကစားရန်သက်သက်သာ ဂျပန်သို့ ဝင်ရောက်ခြင်းဖြစ်သည်ဟုပင် ဆိုသည်။

ထရန့် ဂျပန်သို့ရောက်ပြီး မကြာမီမှာပင် နှစ်ဦးသား တွေ့ဆုံမည်ဖြစ်သော်လည်း နိုင်ငံတကာ အနေအထားများက အလွန်အရေးကြီးနေသောကြောင့် ဖလော်ရီဒါတွင် စီစဉ်ခဲ့ဖူးသကဲ့သို့ ၂၇ ကျင်း ရိုက်နိုင်မည်မဟုတ်ဘဲ ကိုးကျင်းသာ ရိုက်ဖွယ်ရှိသည်ဟု ဆိုသည်။

ထရန့်သည် ဂျပန်ဧကရာဇ်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားပြီး ယင်းသည် သံတမန်ကျင့်ဝတ်အရ မိုင်းကွင်းတစ်ခု ဖြစ်ဖွယ်ရှိသည်။ ဘာရက်အိုဘားမား လာရောက်ခဲ့စဉ်က အသက် ၈၃ နှစ်အရွယ်ရှိ အကီဟီတိုကို ခါးအလွန်ကိုင်းကာ ဦးညွတ်အရိုအသေပေး ခဲ့သောကြောင့် ကွန်ဆာဗေးတစ်များ၏ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။

■ တောင်ကိုရီးယား၊ နိုဝင်ဘာ ၇-၈

ဆိုးလ်မြို့တွင် ထရန့်သည် တောင်ကိုရီးယား ပါလီမန်၌ မိန့်ခွန်းပြောရန် စီစဉ်ထားရာ ထရန့်တစ်ယောက် ဇာတ်ညွှန်းမှလွတ်ထွက်လျက် လက်တန်းမှတ်ချက်များပေးခြင်းဖြင့်  နျူကလီးယားလက်နက်ရှိနေသည့် မြောက်ကိုရီးယားနှင့် တင်းမာမှုများ တဟုန်ထိုးမြင့်တက်လာနိုင်မှုကို စိုးရိမ်နေကြသည်။

ထရန့်သည် ကုန်သွယ်ရေးခြိမ်းမြောက်မှုများ၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများ ပြုလုပ်လျက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် ပြင်းထန်သော စကားလုံးစစ်ပွဲ ဆင်နွှဲခဲ့ပြီးဖြစ်သည်။ သူ ပထမဆုံး ပြောကြားရသည့် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်း၌ပင်လျှင် မြောက်ကိုရီးယားကို လုံးဝဥဿုံ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဂျပန်ပြီးနောက် တောင်ကိုရီးယားသို့ ရောက်လာလျှင် အမေရိကန်၏ စစ်ရေးအရ အဓိကမဟာမိတ်နှစ်ဦးဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့အနက် တစ်ဦးဦးကို မျက်နှာသာပေးသည့် မှတ်ချက်မျိုးကို ဂရုစိုက် ရှောင်ရှားရန်လိုသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် သမိုင်းဆိုင်ရာ အကြောင်းအရာနှင့်ပတ်သက်၍ ဆက်ဆံရေး အစွန်းအထင်းများ ရှိနေသည်။

အမေရိကန်သမ္မတသည် အာဘေးနှင့် နှိုင်းယှဉ်ပါက လက်ဝဲယိမ်း တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်းနှင့် ပိုမိုအေးစက်သော ဆက်ဆံရေးရှိနေသည်။ သူက မွန်ဂျေးအင်းကို မြောက်ကိုရီးယားနှင့်ပတ်သက်၍ ရွှေပြည်အေး ဝါဒ ရှိနေသူဟုပင် စွပ်စွဲဖူးသည်။

■ တရုတ်၊ နိုဝင်ဘာ ၈-၁၀

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွီကျင်ကိုင်က “နိုင်ငံတော်ဧည့်သည်တော် +”ဟု ခေါ်ဆိုခဲ့သကဲ့သို့သော အနေအထားဖြင့် တရုတ်က ဒေါ်နယ်ထရန့်အား ကြိုဆိုရန် စီစဉ်ထားသည်။ အိမ်ခြံမြေရောင်းဝယ်ရေး ဘီလျံနာသူဌေးကြီးကို အလွန်အကျွံခမ်းနားမှု၊ အလွန်အကျွံအနေအထားများဖြင့် ကြိုဆိုဧည့်ခံမည့်သဘောဖြစ်သည်။

တရုတ်အစိုးရက ဂုဏ်ပြုတပ်ဖွဲ့များ၊ ဂုဏ်ပြုညစာစားပွဲများ၊ ဒေါ်လာဘီလျံချီတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်များဖြင့် ထရန့်အား ကြိုဆိုဖွယ်ရှိပြီး ထရန့်က ၎င်းတို့ကို Twitter ၌ ကြွားလုံးထုတ်နိုင်သည်။

ထိုင်းမှိုင်းနေသော ကုန်သွယ်ရေးလိုငွေပြမှုမှသည် ထိန်းမနိုင်သိမ်းမရ အိမ်နီးချင်း မြောက်ကိုရီးယားကို တရုတ်၏ကိုင်တွယ်မှုအထိ အတိုင်းအတာကျယ်ပြောလှသော အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို  နောက်ခံပြုလျက် ခမ်းနားကြီးကျယ်သော ပြဇာတ်ကို တင်ဆက်ဖွယ်ရှိသည်။

သို့သော် ထရန့်၏မဲဆွယ်ပွဲကာလက ပြင်းထန်သည့် တရုတ်ဆန့်ကျင်ရေးမှတ်ချက်များသည် ရှီကျင်ပင်းအား အလွန်အမင်း ချီးကျူးမှုကို နေရာပေးရဖွယ်ရှိသည်။

ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ဖိအားပေးမှုများအပြင် ထရန့်၏ တရုတ်ခရီးစဉ်အပေါ်၌ ရစ်ဝဲနေသော အခြား အကြောင်းအရာတစ်ရပ် ရှိသေးသည်။ ယင်းမှာ တရုတ်နိုင်ငံအတွင်း Twitter ကို ပိတ်ဆို့ထားသည့် Great Firewall ဟုခေါ်သောအရာကို ထရန့်အနေဖြင့် ကျော်ဖြတ်နိုင်မည်လားဟူသည့် အချက်ဖြစ်သည်။

တရုတ်နယ်မြေပေါ်တွင် ထရန့်အနေဖြင့် Twitter သုံးနိုင်မည်လားဟု မေးမြန်းသည့်အခါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်စွေ့ဂူအန်းက “သမ္မတထရန့်အနေနဲ့ အပြင်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ခင်ဗျားတို့ စိုးရိမ်ဖို့လိုအပ်တဲ့အရာ မဟုတ်ပါဘူး” ဟုသာ သတင်းထောက်များအား ဖြေကြားခဲ့သည်။

နိုဝင်ဘာ ၅ ရက်က ဆိုးလ်မြို့တွင် ထရန့်မလာရောက်မီ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ၌ တောင်ကိုရီးယားနိုင်ငံသားများ ငြိမ်းချမ်းရေးတောင်းဆိုမှု ပြုလုပ်နေစဉ် (Photo: AFP)

■ ဗီယက်နမ်၊ နိုဝင်ဘာ ၁၀-၁၂

ထရန့်သည် စစ်ပွဲကာလအတွင်း ဗီယက်နမ်ကို တမင်ရှောင်လွှဲခဲ့သော်လည်း ယခုအခါ ကုန်သွယ်ရေးကိစ္စအတွက် သွားရောက်မည် ဖြစ်သည်။

ထရန့်သည် သူ၏ “အမေရိက ပထမ” မူဝါဒအတွက် အာရှ-ပစိဖိတ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးဆွေးနွေးပွဲ၌ အပြန်အလှန် သဘောတူညီချက်များနှင့် အမေရိကန်ကုန်ပစ္စည်းများအတွက်  လွတ်လပ်သောဈေးကွက်များ ရရှိရေးကို တောင်းဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ထရန့်သည် ပစိဖိတ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေး (TPP) သဘောတူညီချက် အဖွဲ့ဝင် နိုင်ငံများနှင့်လည်း မျက်နှာချင်းဆိုင် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သူက TPP ကို အမေရိကန်နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများအား သတ်ပစ်သည်ဟု ဝေဖန်ကာ ကြီးမားလှသည့် ယင်းကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။

■ ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၂-၁၃

ဖိလစ်ပိုင်တွင် ထရန့်သည် အရှေ့တောင်အာရှ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ၌ ပါဝင်မည်ဖြစ်သည်။ ဒူတာတေး၏ အငြင်းပွားဖွယ်ရာ မူးယစ်ဆေးနှိမ်နင်းမှု နှင့်ပတ်သက်၍ အမေရိကန်သမ္မတက မည်သည့်အချက်ပြမှုများ ပြုလုပ်မည်ကို အနီးကပ် စောင့်ကြည့်ရမည်ဖြစ်သည်။

ဒူတာတေးသည် ထရန့်၏ရှေ့မှသမ္မတ ဘာရက်အိုဘားမားအား သူ၏ မူးယစ်ဆေး စစ်ပွဲကို ဝေဖန်ခဲ့မှုအတွက် “ပြည့်တန်ဆာမသား”ဟု ခေါ်ဆိုခဲ့ပြီး ဆက်ဆံရေး အေးခဲသွားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဆက်ဆံရေးကို ပြန်လည်ဖာထေးရန် ထရန့်က ဒူတာတေးနှင့် ဖုန်းပြောဆိုရာ၌ သူ၏မူးယစ်ဆေးစစ်ပွဲကိုင်တွယ်ပုံကို ချီးကျူးခဲ့သောကြောင့် အမေရိကန်သမ္မတအနေဖြင့် လူ့အခွင့်အရေးကို လေးစားမှုနည်းသည်ဟု ဝေဖန်ခံခဲ့ရသည်။